တောင်သာမှာ ပျူစောထီးကို ရှင်းလင်းဖို့ သွားတဲ့ ကာကွယ်ရေး ရဲဘော်တွေကို ဒေသခံတချို့က ပြန်လည် ရန်ပြု တိုက်ခိုက်၊

တောင်သာမှာ ပျူစောထီးကို ရှင်းလင်းဖို့ သွားတဲ့ ကာကွယ်ရေး ရဲဘော်တွေကို ဒေသခံတချို့က ပြန်လည် ရန်ပြု တိုက်ခိုက်၊

MFP ၊ စက်တင်ဘာ - ၂၆

မန္တလေးတိုင်း တောင်သာမြို့နယ် ဝါးကြီးအိုင်ရွာမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ဒေသတွင်း လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ ပျူစောထီး အဖွဲ့ဝင်တစ်ယောက်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သုတ်-သင် ရှင်းလင်းဖို့ ကြိုးစားခဲ့ရာ ရွာခံတချို့က ပြန်လည် ရန်ပြု တိုက်ခိုက်ခဲ့တဲ့ အတွက် မစ်ရှင် မအောင်မြင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ တောင်သာ TTA ပြောက်ကျားတပ်က ထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာ (၂၅)ရက်က တောင်သာမြို့နယ် ဝါးကြီးအိုင်ရွာက ပျူခေါင်းဆောင်ကို သုတ်-သင် ရှင်းလင်းဖို့ လုပ်ဆောင်နေစဉ် ရွာခံတချို့က ကာကွယ်ရေး ရဲဘော်တွေကို ပြန်လည် တိုက်ခိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့တာကြောင့် ပျူခေါင်းဆောင် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“ ပြည်သူ့ရဲဘော်များသည် စခများလို ထိချင်ရာထိ ဖြစ်ချင်ရာဖြစ် ဆိုပြီး ကိုယ့်ကို ဒုက္ခပေးမယ်မှန်း သိလျှက်နဲ့ ပြည်သူဘက် ပြောင်းမလှည့်ဘဲ ဆင်ခြင်ခဲ့တာကို နားလည် သဘောပေါက် စေချင်ပါသည်“ လို့ TTA ပြောက်ကျားတပ်က အသိပေးပါတယ်။

အဲ့ဒီလို ဒေသခံတချို့က ကာကွယ်ရေး ရဲဘော်တွေကို ပြန်လည်တိုက်ခိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားတဲ့ လုပ်ရပ်ကြောင့် ဒေသကိုယ်စား အရှက်ရမိတယ်လို့ TTA ပြောက်ကျားတပ်က ဖော်ပြပါတယ်။

တောင်သာနယ်က နယ်ခံ၊ ရွာခံ၊ မြို့ခံ ပြည်သူတွေ အနေနဲ့ အလားတူ ဖြစ်ရပ်တွေ ထပ်မံ ကျူးလွန်မယ်ဆိုရင်တော့ စစ်အုပ်စု အပေါင်းအပါလို့ သတ်မှတ်ပြီး သက်ညှာတော့မှာ မဟုတ်ဘဲ မစ်ရှင် အောင်မြင်ရေးနဲ့ ရဲဘော်တွေရဲ့ လုံခြုံရေးကိုသာ ဦးစားပေး လုပ်ဆောင်တော့ ဖြစ်တယ်လို့လည်း TTA ပြောက်ကျားတပ်က ဆိုပါတယ်။

တောင်သာနယ် အခြေစိုက်တဲ့ TTA ပြောက်ကျားတပ် (တောင်သာ)ဟာ မြင်းခြံ၊ တောင်သာနယ်သာမက မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက စစ်အုပ်စု ထောက်တိုင်တွေနှင့် စစ်ကောင်စီ လက်ပါးစေတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD)ရဲ့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃)၊ တပ်ခွဲ (၂) ဖြစ်ပါတယ်။

တောင်သာ အပါအဝင် မြင်းခြံ၊ ငါန်းဇွန်၊ နွားထိုးကြီးစတဲ့ နယ်တေါထဲ စစ်အုပ်စုနှင့် စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ဒေသခံ ပြည်သူတွေကို ဖမ်းဆီးတာ၊ ရန်ပြုသတ်-ဖြတ်တာ၊ ဓားပြတိုက်လုယက်တာ၊ ဖမ်းဆီးငွေညှစ် သတ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။

တောင်သာနယ်က ကျေးရွာတချို့ဟာ ယခင် ခေတ်အဆက်ဆက် ကတည်းက စစ်အုပ်စု လက်ဝေးခ့တွေ ကြီးစိုးထားတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #ပျူစောထီး #ဝါးကြီးအိုင်ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ