အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့က စစ်အုပ်စု စခန်းကို တိုက်ခိုက်၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် စကစ ငါးယောက် သေဟုဆို

အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့က စစ်အုပ်စု စခန်းကို တိုက်ခိုက်၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် စကစ ငါးယောက် သေဟုဆို

MFP ၊ သြဂုတ် - ၁၀

အိန္ဒိယ - မြန်မာ နယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်မှာ ရှိတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စခန်းကို ဒီမနက်ပိုင် ချင်းဒေသ ကာကွယ်ရေးတပ်တွေက ငါးနာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် စကစ ငါးယောက် သေတယ်လို့ ချင်းအမျိူးသားအဖွဲ့ချုပ် - CNO/CNDF က သတင်း ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ စခန်းကို ဒီနေ့ ဩဂုတ်(၁၀) ရက် မနက်(၂)နာရီကနေ (၇)နာရီအထိ အချိန် ငါးနာရီပါးကြာ ချင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ CNDF၊ PDF-Zoland၊ CDM-Siyin၊ MEDF တို့ ပူးပေါင်းပြီး အနီးကပ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့တို့မှ အနီးကပ် သွားရောက်ပစ်ခတ်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ ဖက်မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် ငါးယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားပါသည်။ မိမိတို့ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဖက်မှ တစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်” လို့ CNDF က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက Jet Fighter လေယာဉ် နှစ်စီးနဲ့ ခေါက်တုန့်ခေါက်ပြန် ပျံဝဲနေတယ်လို့ CDF CDM-Siyin က ဖော်ပြပါတယ်။

CDF CDM – Siyin တပ်ဖွဲ့ဝင် ရဲဘော်တချို့/Photo - CDF CDM-Siyin

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ချင်း #ဖလမ်း #CNDF #CDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ