မန္တလေး ဓားပြမှု ငွေ(၂၈)သိန်းအတွက် အိမ်ရှင် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့ခြင်း ဖြစ်ဟုဆို၊

မန္တလေး ဓားပြမှု ငွေ(၂၈)သိန်းအတွက် အိမ်ရှင် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့ခြင်း ဖြစ်ဟုဆို၊

MFP ၊ အောက်တိုဘာ - ၆

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတောင်ကျီကုန်း ရပ်ကွက်က ဆေးဆိုင်တွဲဖွင့်ထားတဲ့ နေအိမ်ထဲ ဒီမနက် ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက် လူသတ်မှု ဖြစ်စဉ်မှာ ကျူးလွန်သူက ငွေကျပ် (၂၈) သိန်းနဲ့ ဖုန်း နှစ်လုံး လုယူ ရရှိဖို့ အိမ်ရှင် အမျိုးသမီးနှစ်ဦး သတ်-ဖြတ်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (၇၂)လမ်းနဲ့ (၁၁၈)လမ်းအနီးက ဆေးဆိုင်တွဲလျှက် ဖွင့်ထားတဲ့ နေအိမ်တစ်လုံးမှာ ဒီနေ့ အောက်တိုဘာ (၆) ရက် မနက် (၅) နာရီခန့်က ဓားပြတိုက် လူသတ် လုယက်မှု ဖြစ်ပွားခဲ့ပြီး အိမ်ရှင် အသက်(၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရတာ ဖြစ်ပါတယ်။ သေဆုံးသူ အမျိုးသမီး နှစ်ဦးဟာ တူဝရီးတွေ ဖြစ်ပြီး အသက်(၃၀)ကျော် အမျိုးသမီးငယ်က ကျန်းမာရေး ဝန်ထမ်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဓားပြတိုက် လူသတ်မှုကို ကျူးလွန်သူဟာ အသက်(၃၈)နှစ်အရွယ် အိမ်နီးနားချင်း အမျိုးသား ဖြစ်ပြီး ဆေးဆိုင်ထဲ ဝင်ရောက် ဓားပြတိုက်ချိန် အိမ်ရှင်တွေက သူ့ကို အိမ်နီးချင်အဖြစ် သိနေတာကြောင့် အနားမှာ အသင့်ရှိနေတဲ့ ကားရှော့ဘားနဲ့ ဦးခေါင်းကို ရိုက်သတ်ပြီး ငွေကျပ် (၂၈) သိန်းနဲ့ ဖုန်းနှစ်လုံးကို ယူဆောင်ကာ နေအိမ် အနောက်ဘက် ခြံဝင်းထဲမှာ ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိတာလို့ စစ်အုပ်စုက ဆိုပါတယ်။

မန္တလေးမြို့မှာ ဇူလိုင်(၁၁)ရက်ကလည်း တစ်ရက်တည်း ဓားပြတိုက်မှု နှစ်ခု ဖြစ်ပွါးခဲ့ပြီး မန္တလေး စက်မှုမြို့သစ်ဘက်မှာ ဘဏ်က ငွေထုတ်ပြန်လာသူတွေကို ဓားပြတိုက်တဲ့ ဖြစ်စဉ်မှာတော့ သမီးဖြစ်သူ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်(၂၇)ရက်ကလည်း မြင်းခြံမြို့ပေါ်မှာ ညပိုင်း မီးပျက်တဲ့အချိန် စရဖရုံးအနီးက နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ရွှေထည်နဲ့ ငွေနှစ်သိန်းကျပ် ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်(၂၁) ရက်ကလည်း ကျောက်ဆည်မြို့နယ်က နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ရွှေ(၁၀)ကျပ်သားနဲ့ ငွေ(၁၀)သိန်း ပါသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်နဲ့ မန္တလေးတိုင်းထဲ ဓားပြမှု၊ လုယက်မှု၊ လူသတ်လုယက်မှု၊ အနုကြမ်းစီးမှု၊ ဖောက်ထွင်းမှု၊ ခိုးမှု၊ စစ်ယူနီဖောင်းဝတ်ထားသူတွေက ဖမ်းဆီးစစ်ဆေးပြီး တန်ဘိုးကြီး ပစ္စည်းတွေကို လက်နက်ပြ မိုက်ကြေးခွဲလုယက်မှု စတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွါးနေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #ငွေတော်ကျီကုန်း #ဓားပြတိုက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ