အဖွဲ့ဝင်တွေ အဖမ်းခံရပြီးနောက် Mandalar Pintagon အဖွဲ့ ဖျက်သိမ်း

အဖွဲ့ဝင်တွေ အဖမ်းခံရပြီးနောက် Mandalar Pintagon အဖွဲ့ ဖျက်သိမ်း

MFP ၊ စက်တင်ဘာ - ၆

စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရင်း အဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုရှိတဲ့အတွက် လုံခြုံရေးအရ အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ Mandalar Pintagon Combat Troop - MPCT အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက်က စစ်ကိုင်းမြို့ပေါ်က လက်ဖက်ရည်ဆိုင်တစ်ခုမှာ လူငယ် (၃)ယောက်ကို စစ်အုပ်စုက အရပ်ဝတ် အိမ်စီးကားတွေနဲ့ စီးနင်းဖမ်းဆီးခဲ့သလို စက်တင်ဘာလ (၄) ရက်မှာလည်း စစ်ကိုင်း - မင်းကွန်းကားလမ်းပေါ် ခိုတောင်ရွာက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လူငယ်ငါးဦးကို စစ်အုပ်စုက အိမ်စီးကား (၁၀)စီး၊ အရပ်ဝတ်တွေနဲ့ စီးနင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေအနက် လေးဦးဟာ MPCT အဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်အုပ်စုလော်ဘီတွေက သတင်းဖြန့်ထားပြီး ကျန်တဲ့လူငယ်တွေအကြောင်းကိုတော့ ဖော်ပြမထားပါဘူး။

ဖမ်းဆီးခံရတဲ့ MPCT အဖွဲ့ဝင်တွေအနက် အဖွဲ့ခေါင်းဆောင် ကိုကျော်လင်းအောင်၊ အဖွဲ့ဝင် ကိုမျိုးဇော်ထွန်း၊ ကိုသီဟကျော်(ခ) ကတုံးနဲ့ ကိုသိန်းသန်းစိုးတို့ ဖြစ်ကြတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ထားပါတယ်။

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ King Cobra Guerrilla Force - KCGF ဟာလည်း ဩဂုတ်လအတွင်း မဟာမိတ်အဖွဲ့တွေ ဖြိုခွင်းခံရပြီးတဲ့နောက် တစ်လအကြာ ဩဂုတ်လ (၃၁)ရက်ညနေပိုင်းမှာ အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးUG #မြို့ပြပြောက်ကျား #အဖွဲ့ဖျက်သိမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ