ကသာနယ် ရွာထဲ ဝင်မွှေနေတဲ့ ဖက်ဆစ်တပ်ကို KIA နှင့် PDF က ဝိုင်းပိတ်တိုက်ခိုက်၊ ဖက်ဆစ်တပ်က လေယာဉ်နဲ့ဗုံးကျဲ၊ ရွာမီးရှို့ကာ လက်နက်ကြီး ပစ်ကူပေးပြီး ရွာထဲက ထွက်ဖို့ ကြိုးစားနေ၊

ကသာနယ် ရွာထဲ ဝင်မွှေနေတဲ့ ဖက်ဆစ်တပ်ကို KIA နှင့် PDF က ဝိုင်းပိတ်တိုက်ခိုက်၊ ဖက်ဆစ်တပ်က လေယာဉ်နဲ့ဗုံးကျဲ၊ ရွာမီးရှို့ကာ လက်နက်ကြီး ပစ်ကူပေးပြီး ရွာထဲက ထွက်ဖို့ ကြိုးစားနေ၊

MFP ၊ သြဂုတ် - ၂၂

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဘန်ပဘွေးကုန်းရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ဒီမနက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေက ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်ရာ ဖက်ဆစ်တပ်သားတွေ အသေအပျောက် အများအပြား ရှိနိုင်တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကသာနယ် ဘန့်ဘွေးကုန်းရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေတဲ့ ငါးအိုးမြို့ အခြေစိုက် ခလရ (၁၂၁)က ဖက်ဆစ်တပ်ကို ဒီနေ့ သြဂုတ်(၂၂)ရက် မနက်(၅)နာရီခွဲက စတင်ပြီး KIA ၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“ကသာမြို့နယ် အရှေ့ဘက်ကမ်း၊ ဘန့်ဘွေးကုန်း ကျေးရွာတွင် တပ်စွဲထားသော အင်အား (၇၀)ခန့်ပါ ငါးအိုး(၁၂)တပ်အား (KIA ရင်း- (၁၂) လက်အောက်ခံ Kachin PDF) + ကသာမြို့နယ် ပကဖ + တိုက်နယ်၊ ရပ်ကျေး ပကဖများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲ ကြာချိန် နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စကစ များ ရွာတွင်း ပိတ်မိနေသောကြောင့် ကသာမြို့ (၃၀၉) ခွေးခြံမှ (၁၂၀)မမ ဖြင့် ဧရာဝတီမြစ်ကို ကျော်၍ ပစ်ကူပေးခဲ့ပါသည်။ သို့သော် ဆက်လက်ပိတ်မိနေသောကြောင့် မြစ်ကြီးနားမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဘန့်ဘွေးကုန်း ရွာအား နေ့လည်(၁၂:၃၀)နာရီတွင် ဗုံးလာကြဲချ ပါသည် ။ယခု စခ များသည် ဘန့်ဘွေးကုန်း ကျေးရွာအား မီးရှို့နေပြီး ထွက်ရန် ပြင်ဆင်နေပါသည်” လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ ဖက်ဆစ်တပ်သားတွေ အသေအပျောက် အများအပြား ရှိနိုင်ပေမယ့် အတိအကျ မသိရသေးကြောင်းနှင့် Lachin PDF က ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွင် မိမိတို့ဘက်မှ Kachin PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စခ များလည်း အထိအခိုက် အကျဆုံး များပြီး အရေအတွက်အတည်ပြုရန် ခက်ခဲနေပါသည်” လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

ဒီမနက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း လေကြောင်းက ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံ၇တဲ့ ဘန့်ဘွေးကုန်းရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ကသာနယ်ထဲမှာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာ ပကဖ ရဲဘော်တချို့ကို တွေ့ရစဉ်/Photo - ကသာ ပကဖ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #ငါးအိုး #KIA #PDF #တိုက်ပွဲ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ