မန္တလေး တံခွန်တိုင်အဝိုင်းအနီး ပစ်သတ်ခံရသူဟာ ပျူအဖွဲ့ဝင် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးကြောင့် ပျူတွေက သတ်တာဟုဆို၊

မန္တလေး တံခွန်တိုင်အဝိုင်းအနီး ပစ်သတ်ခံရသူဟာ ပျူအဖွဲ့ဝင် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးကြောင့် ပျူတွေက သတ်တာဟုဆို၊

MFP ၊ အောက်တိုဘာ - ၂၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ (၇၄)လမ်းနှင့် (၁၁၉)လမ်းအနီးမှာ ယမန်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသူဟာ ပျူအဖွဲ့ဝင် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်လို့ အသတ်ခံရတာ ဖြစ်တယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၂၆)ရက် ညနေ(၆)နာရီကျော်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြိုနယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ (၁၁၉)လမ်းနှင့် (၁၂၀)လမ်းကြား၊ (၇၄)လမ်းမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်နဲ့ နှစ်ယောက်က သေနတ်နဲ့ လေးချက် ပစ်ခတ်တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ စစ်ကောင်စီ သစ္စာခံ ပျူအဖွဲ့ဝင်ဖြစ်ပြီး ပျူ အချင်းချင်း မကျေနပ်လို့ သတ်သွားတာလို့ သတင်းထွက်နေတာဟာ မဟုတ်မှန်ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

"သတင်းက နည်းနည်းမှားနေပါတယ်။ အဲ့ဒီ သေဆုံးသူက ကားဂိတ်မှာ အလုပ်လုပ်တာပါ။ ဂိတ်ပိုင်ရှင်က ဂိတ်မှူးကို ထုတ်ပြီး သူ့ကို ဂိတ်မှူးနေရာပေးလိုက်တော့ အထုတ်ခံရတဲ့ ဂိတ်မှူးက မကျေနပ်လို့ "ငါ့မင်းကိုသတ်မယ်" လို့ ပြောသွားတယ်။ နောက်ရက်ရောက်တော့ ဂိတ်ကနေ အပြန်မှာ အနီးကပ် ပစ်သတ်ခံရတယ်။ အထုတ်ခံရတဲ့ ဂိတ်မှူးက ပျူတွေကို ပိုက်ဆံပေးပြီး သတ်ခိုင်းတာ ဖြစ်နိုင်ပါတယ်" လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမှာ စစ်အုပ်စုက ထောင်ထွက်တွေ၊ လူမိုက်တွေ၊ မူးယစ်ဆေးရောင်းဝယ်သူတွေကို ပျူအဖွဲ့ဝင်တွေအဖြစ် လက်သပ်မွေးထားကာ ပြည်သူတွေကို ရန်ပြု သောင်းကျန်းဖို့နဲ့ လက်နက်ပြ မိုက်ေြ့းခွဲ ဆက်ကြေးတောင်းဖို့ ခိုင်းစေထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ မန္တလေးမြို့ပေါ်သာမက မန္တလေးတိုင်းထဲ ပြည်သူအချင်းချင်း အကြွေးတောင်းရာကအစ ပျူတွေကို ငွေပေးခိုင်းစေလို့ ရနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို၊ တံခွန်တိုင်အဝိုင်းအနီးမှာ ကားဂိတ်မှာ လုပ်ကိုင်သူ တစ်ဦးကို ပျူတွေက သတ်ဖြတ်သွားစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တံခွန်တိုင် #ပျူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ