မန်းစည်ပင်အိမ်ယာ ဂိတ်အစောင့် စစ်အုပ်စု အနီးကပ် ဗုံးထု တိုက်ခိုက်ခံရပြီး သုံးယောက် ဒဏ်ရာရ၊

မန်းစည်ပင်အိမ်ယာ ဂိတ်အစောင့် စစ်အုပ်စု အနီးကပ် ဗုံးထု တိုက်ခိုက်ခံရပြီး သုံးယောက် ဒဏ်ရာရ၊

MFP ၊ စက်တင်ဘာ - ၂၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၆၉)လမ်းနဲ့ (၃၆)လမ်းထောင့်က မန္တလေး စည်ပင်ဝန်ထမ်း အိမ်ယာမှာ ဂိတ်အစောင့် ကျနေတဲ့ စစ်အုပ်စု ဒီညနေပိုင်း အနီးကပ် ဗုံးထုခံရပြီး ပစ်ခတ် တိုက်ခိုက်ခံရကာ သုံးယောက် ဒဏ်ရာ ရသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၃)ရက် ညနေ(၅)နာရီက မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်က စည်ပင်ဝန်ထမ်း အိမ်ယာမှာ ဂိတ်အစောင့်ကျနေတဲ့ စကစတွေ ဘန်ကာ‌အပြင်ဘက် ထွက်နေချိန် အမည်မသိ အမျိုးသား တစ်ဦးက (၆၉)လမ်း စည်ပင်ဝန်ထမ်းအိမ်ယာ‌ တောင်ဘက် အုတ်တံတိုင်ကို ကျော်ပြီး လက်ပစ်ဗုံး နှစ်လုံးနဲ့ ထုကာ ပစ္စတိုနဲ့ နှစ်ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ လက်ပစ်ဗုံး တစ်လုံးသာ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ သစ္စာခံ မန္တလေးစည်ပင် ရဲတွေ ဖြစ်တဲ့ ထက်မြက်အောင်၊ ဖြိုးအောင်နှင့် ဝေဇင်ဦး ဆိုသူတို့ သုံးယောက် ဒဏ်ရာရကာ ထက်မြက်အောင်က နောက်ကျောနဲ့တင်ပါး၊ ဖြိုးအောင်က ဗိုက်နဲ့လက်၊ ဝေဇင်ဦးက နောက်ကျော၊ နံစောင်း၊ ပေါင်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ ရသွားတယ်လို့ နီးစပ်သူ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အဲ့ဒီ စည်ပင်ဝန်ထမ်းအိမ်ယာ ဂိတ်အစောင့်ကျ စစ်အုပ်စုဟာ ဂိတ်စောင့်ရင်း လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်လေ့ ရှိသလို မူးရူးသောက်စားပြီး လမ်းသွားလမ်းလာ အမျိုးသမီးတွေကို အော်ဟစ် စော်ကားလေ့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဗုံးထု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက သောင်းကျန်း ရမ်းကား ပစ်ခတ်ကာ လမ်းပိတ်လိုက်ပြီး လမ်းသွားလမ်းလာတွေကိုလည်း အော်ဟစ်ဆဲဆို ရန်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ အိမ်ရာဝင်းဟာ စစ်အာဏာသိမ်းပြီးနောက် မကြာခဏ တိုက်ခိုက်ခံရတဲ့ နေရာဖြစ်ပြီး စစ်အုပ်စုက (၆၉)လမ်းကို ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ထင်သလို လုပ်နေတဲ့ နေရာလည်း ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗုံးထု တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက အနီးဝန်းကျင် ရပ်ကွက်တွေကို ဧည့်စာရင်းစစ်မယ် အကြောင်းပြပြီး ညအချိန် စီးနင်းဝင်မွှေ သောင်းကျန်းတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်လာနိုင်လို့ ပြည်သူတွေ သတိထားကြဖို့ မြို့ခံအချင်းချင်း သတိပေးနေပါတယ်။

ပုံစာ - ဗုံးထု တိုက်ခိုက်ခံရပြီး စကစ သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မန္တလေး စည်ပင်အိမ်ယာ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စည်ပင်အိမ်ရာ #ဗုံးပေါက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ