MFP ၊ စက်တင်ဘာ - ၆
သသစစ်ကိုင်းတိုင်း မုံရွာမြို့နယ် အိုးဘိုတောင်ရွာက အသက် (၆၀)အရွယ်ရှိပြီဖြစ်တဲ့ တောင်သူ ဦးသိန်းဟာ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြား၊ နှမ်း စတဲ့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးသူတစ်ယောက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်နဲ့ စစ်ကိုင်းခရိုင်တို့ဟာ ပဲမျိုးစုံနဲ့ နှမ်းကို အဓိကထား စိုက်ပျိုးကြပြီး အိုးဘိုတောင်တစ်ရွာလုံးက တောင်သူတွေဖြစ်ကြတဲ့အားလျော်စွာ ဦးသိန်းဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ခန့် လူငယ်အရွယ်ကတည်းက တောင်သူအဖြစ် လုပ်ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။ သူ့မှာ မြေဧက (၂၀)လောက် ပိုင်ဆိုင်ပြီး ရာသီဥတုအပေါ် မူတည်လို့ သူစိုက်ပျိုးတဲ့ ကောက်ပဲသီးနှံတွေဟာ တင်းရေ ရာနဲ့ချီပြီး ထွက်ခဲ့သူ ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံမှာ မုတ်သုံရာသီ ရက်တိုတောင်းလာတာ၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာ၊ ပျမ်းမျှအပူချိန် မြင့်တက်လာတာတွေကြောင့် အရင်လို သီးနှံအထွက်နှုန်း မကောင်းတော့တဲ့အတွက် တောင်သူတွေ အခက်ကြုံနေကြရပါတယ်။
အရင်က တင်းရာချီထွက်ခဲ့တဲ့ အခြေအနေကနေ အခုအခါမှာတော့ မိုးမှန်တဲ့နှစ်မှသာ တင်း (၇၀)လောက် ရပြီး မိုးမမှန်တဲ့နှစ်မှာတော့ မိုးနှမ်းနဲ့ မိုးပဲတီစိမ်းကို မစိုက်ပျိုးနိုင်တော့ဘူးလို့ ဦးသိန်းက ဆိုပါတယ်။
“ အရင်က မိုးလေသဝ မှန်ကန်တော့ ပဲတီစိမ်းနဲ့ မိုးဦးနှမ်း စိုက်လို့ ဖြစ်ထွန်းတယ်၊ ခုအချိန် ဒါတွေအစား မိုးခေါင်မကြောက်တဲ့ ပဲစိမ်းငုံ ပြောင်းစိုက်နေရတယ်” ဟု တောင်သူကြီး ဦးသိန်းက ရှင်းပြပါတယ်။
ပဲတီစိမ်းနဲ့ မိုးဦးနှမ်းစိုက်ပျိုးဖို့အတွက်ဆိုရင် အချိန်မှန်ရွာသွန်းတဲ့ မိုးလိုအပ်ပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှု ကြောင့် မြန်မာနိုင်ငံမှာ မုတ်သုံအဝင်နောက်ကျတာနဲ့အတူ ပုံစံမမှန်တဲ့ မိုးရွာသွန်းမှုဖြစ်စဉ်တွေကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း မိုးမမှန်တော့တာကြောင့် ပုံမှန် စိုက်ပျိုးနေတဲ့ ပဲမျိုးတွေ စိုက်ပျိုးလို့ မရတော့ဘူးလို့ ဦးသိန်းက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်ကျော်အကြာ ၂၀၂၁ ခုနှစ်မှာလည်း မိုးရွာသွန်းမှု မမှန်တာကြောင့် ပဲစိမ်းငုံ စိုက်ပျိုးခဲ့ရာမှာ နောက်နှစ်အတွက် မျိုးတောင် ပြန်မရခဲ့တဲ့အခြေအနေ ဖြစ်ခဲ့ရပါတယ်။
ရပ်ရွာလူထု စိုက်ပျိုးရေး လုပ်ငန်း စွမ်းဆောင်ရည် Climate Smart Agriculture ကို ဆောင်ရွက်နေတဲ့ Mercy Crop ရဲ့ Intervention Manger ဖြစ်သူ ဦးအောင်စိုးဦးကတော့ ပြောင်းလဲ လာတဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးဖို့ လိုအပ်တယ်လို့ တောင်သူလယ်သမားတွေကို အကြံပြုထားပါတယ်။
“ ပဲစိမ်းငုံ၊ သက်တမ်းက အရင်က ရက် (၁၅၀) သက်တမ်းကို စိုက်ကြတယ်၊ အခုတော့ လေးလသက်တမ်း ရက် (၁၂၀) ပဲစိမ်းငုံကို စိုက်ရမယ်၊ စိုက်ပျိုးပုံ နည်းမှာလည်း နွေထယ်ရေးမခံဘဲ စိုက်တာမျိုးတွေ ပြောင်းလာကြတယ် ” လို့ သူက ပြောပါတယ်။
နွေထယ်ရေးဆိုတာ ဧပြီလအတွင်း မိုးမရွာခင် ယာမြေတွေပေါ်မှာ သစ်သားချောင်း၊ သို့မဟုတ် သံချွန်ချောင်း ခုနှစ်ချောင်းတပ် ထွန်တုံးတွေကို နွားတွေမှာတပ်ပြီး လူကမောင်းကာ ထွန်ယက်တာကို ဒေသအခေါ် အခြောက်တိုက်တာ၊ နွေထယ်ရေးခံတာလို့ ခေါ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးခဲ့တဲ့ ရိုးတံလက်ကျန်တွေကို ရှင်းလင်းတာကို ခေါ်တာပါ။
ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်အဖြစ် နေ့အပူချိန်တွေ မြင့်တက်လာမှုကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးသီးနှံတွေ ပြောင်းလဲစိုက်ရုံသာမက စိုက်ပျိုးမှုပုံစံပါ ပြောင်းလဲလုပ်ကိုင်နေရတယ်လို့ အိုးဘိုတောင်ရွာက နောက်ထပ်တောင်သူတစ်ယောက်ဖြစ်တဲ့ တောင်သူ ဦးမြင့်က ပြောပါတယ်။
မိဘဘိုးဘွားများ တောင်သူလုပ်ကိုင်စဥ်က နေ့စဉ်စိုက်ခင်းကိုသွားပြီး ထွန်ယက်ခဲ့ကြပေမယ့် ကိုယ့်လက်ထက်မှာတော့ ရာသီဥတုပူပြင်းလာတဲ့အတွက် လူသက်သာ၊ နွားသက်သာစေဖို့ ထွန်ယက်နည်းပုံစံ ပြောင်းခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။
“ နွေထယ်ရေးမဆင်းတော့ဘဲ ဖြတ်လမ်းသုံးတယ်ဆိုပါတော့၊ မိုးဦးမှာ မိုးစရွာရင် ပဲစိမ်းငုံစိုက်ရမယ့် မြေကို ထယ်နဲ့ ထွန်ယက်ပီး အခြောက်တိုက်တာ မလုပ်တော့ဘူး။ မနှစ်က ပဲရိုးတွေ အမှိုက်တွေကို အရင်ကောက်ပစ် မီးရှို့ပြီး မိုးကြီးရွာလာမှ သံထယ်ထိုးတယ်။ နှစ်ပြန်ထိုးပြီးတာနဲ့ ပဲစိမ်းငုံမျိုးစေ့တွေ ကြဲပက် စိုက်ပျိုးရတယ်၊ တစ်ရွာလုံးက တောင်သူတိုင်း ဒီတိုင်းစိုက်တာပဲ ” လို့ ဦးမြင့်က ရှင်းပြပါတယ်။
အဖိုး၊ အဖေတွေ လက်ထက်ကလို တောင်သူတစ်ဦး နွားတစ်ရှဉ်းနဲ့ သမားရိုးကျ ထွန်ယက်မှုကို နေ့စဥ်မလုပ်နိုင်တော့ဘဲ မိုးရွာချိန် ထယ်ထိုးကောင်းချိန်တွင် ခင်ရာမင်ရာစုဖွဲ့ပြီး တောင်သူ ငါးဦး ၊နွား ငါးရှဉ်းနဲ့ အလှည့်ကျ လုပ်ကိုင်မယ်ဆိုရင် တရက်ကို နှစ်ဧက စိုက်ပျိုးနိုင်တယ်လို့ ဦးမြင့်က ဆက်လက်ပြောပြပါတယ်။
ပြောင်းလဲလာသည့် ရာသီဥတုကို ခံနိုင်ရည် ရှိစေဖို့ တောင်သူတွေဟာ မိုးပဲတီစိမ်းနဲ့ မိုးနှမ်းအစား ပဲစိမ်းငုံ၊ သက်တမ်းတို နှမ်းနက် စတဲ့သီးနှံတွေကို ပြောင်းလဲ စိုက်ပျိုးလာကြတယ်လို့လည်း တောင်သူတွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးတဝိုက်မှာ နွေရာသီ အပူဆုံးကာလ ဧပြီလရဲ့ ပျမ်းမျှ အပူချိန်ဟာ ၃၂ ဒီဂရီစင်တီဂရိတ် ရှိပြီး အမြင့်ဆုံးအပူချိန်ကတော့ ၃၈ ဒီဂရီစင်တီဂရိတ်ထိ ရှိနေတယ်လို့ Climate data ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ ရာသီဉတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားရနိုင်ခြေများတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ ကောက်ပဲသီးနှံတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် လွန်ကဲတဲ့ ရာသီဉတုဖြစ်ရပ်တွေအတွက် ခုခံနိုင်စွမ်း နည်းပါးတာကြောင့် စားနပ်ရိက္ခာ ဖူလုံမှု၊ အာဟာရ ပြည့်ဝမှုနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တို့အပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မယ်လို့ ပညာရှင်တို့က ခန့်မှန်းပါတယ်။
ဒါကြောင့် လွန်ကဲတဲ့ ရာသီဥတုဖြစ်ရပ်တွေ စိုက်ပျိုးရေးလုပ်ငန်းအပေါ် သက်ရောက်မှုအတွက် သီးနှံရွေးချယ်မှုတွေ၊ စိုက်ပျိုးတဲ့ ပုံစံတွေနဲ့ စိုက်ပျိုးရေးအတွက် ရေအသုံးပြုမှု ထိရောက်အကျိုးရှိအောင် လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ပြောင်းလဲလုပ်ဆောင်သင့်တယ်လို့ WWF မြန်မာက ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
NASA NEX GDDP ရဲ့ မြန်မာနိုင်ငံအတွက် ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၀ ခုနှစ်မှာ နွေရာသီရဲ့ အပူဆုံးဖြစ်မယ့်နေ့ဟာ တစ်လမှာ (၃) ရက်ကနေ (၅) ရက် အထိဖြစ်လာနိုင်ပြီး ၂၀၇၀ ခုနှစ်အရောက်မှာတော့ နွေရာသီရဲ့ အပူဆုံးနေ့ဟာ တစ်လမှာ (၇) ရက်ကနေ (၁၃) ရက်အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အပူဆုံးနေ့ရက်တွေ တိုးလာတာနဲ့အတူ အဆောက်အဦပြင်ပမှာ အလုပ်လုပ်ကိုင်ရတဲ့ တောင်သူတွေအတွက် ထွန်ယက်စိုက်ပျိုးချိန်တွေ ပြောင်းလဲလုပ်ကိုင်ကြရမှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသရဲ့ နွေရာသီ ကုန်ဆုံးချိန်၊ မုတ်သုံမိုး စရွာလာရင် ပဲသီးနှံစိုက်ပျိးဖို့ ထွန်ယက်ကြတဲ့ တောင်သူသမားတွေအတွက် နေ့အပူချိန်တိုးလာမှုက မနက်ခင်း လုပ်ငန်းသိမ်းချိန်ကို စောစေခဲ့ပါတယ်။
လွန်ခဲ့သော နှစ်လေးဆယ်ခန့်က မနက် (၁၁) နာရီအထိ လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ မနက် (၁၀) နာရီထိသာ လုပ်ကိုင်နိုင်တော့တဲ့အတွက် လုပ်ငန်းသိမ်းချိန် တစ်နာရီစောလာခဲ့တယ်လို့ မုံရွာနယ်က တောင်သူ ဦးသိန်းက ပြောပါတယ်။
“ ဥတုက ဆိုးတော့ အရင်လို နေမော့မကြည့်ဘဲ (အချိန်မကြည့်) မလုပ်နိုင်တော့ဘူး၊ ဆယ်နာရီဆို ထွန် ချွတ်ရပြီ “ လို့ သူက ပြောဆိုလိုက်ပါတယ်။
ခင်မေစန်း ရေးသားသည်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရာသီဥတုအပြောင်းအလဲ #အညာတောင်သူများ #စိုက်ပျိုးမှုနည်းစနစ်ပြောင်း