ကန့်ဘလူမှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုလို့ ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးနှင့် သက်ကြီးရွယ်အို သုံးဦး ဒဏ်ရာရ၊

ကန့်ဘလူမှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုလို့ ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးနှင့် သက်ကြီးရွယ်အို သုံးဦး ဒဏ်ရာရ၊

MFP ၊ နိုဝင်ဘာ - ၃

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြောက်ပိုင်း ကိုးတောင်ဘို့ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုက မူးရူးသောက်စားပြီး ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

ဒီနေ့ နိုဝင်ဘာ(၃)ရက် နေ့လည်(၂)နာရီမှာ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုက အနီးဝန်းကျင်ရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စု သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ကန့်ဘလူမြို့နယ် ဇီးကနားရွာက အသက်(၁၃)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံးပြီး အသက်(၆၈)နှစ်အရွယ် အဖွားတစ်ဦး ဝမ်းဗိုက် ထိမှန်ထားကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်းနှင့် အသက်ခုနှစ်နှစ်အရွယ် မိန်းကလေးငယ်နှင့် အသက်(၆၇)နှစ်အရွယ် အဖွားတစ်ဦးလည်း လက်နက်ကြီးထိမှန်ကာ ဒဏ်ရာတွေ ရထားတယ်လို့ ဆိုပါတယ်။

"ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကိုးတောင်ဘို့ရွာမှ အကြမ်းဖက် စခ စစ်ကြောင်း၏ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဇီးကနား ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပြီး အပြစ်မဲ့ပြည်သူ လေးဦး လက်နက်ကြီး ထိမှန်ခဲ့သည်။ အကြမ်းဖက် စခများ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက် သေဆုံးပြီး၊ အသက်(၆၈)နှစ်အရွယ် အမျိုးသမီးဗိုက်မှာ အပြင်းအထန်ဒဏ်ရာဖြင့် (အသက်အန္တရာယ်စိုးရိမ်ရ)၊ အသက်(၆၇)နှစ်အရွယ် အမျိုးသမီး လက်ထိ (အသက်အန္တရာယ် မစိုးရိမ်ရ)နှင့် အသက်(၇)နှစ်အရွယ် မိန်းကလေး ထိခိုက်ဒဏ်ရာရ (အသက်အန္တရာယ် မစိုးရိမ်ရ)ကြောင်း သိရသည်" လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ဖော်ပြပါတယ်။

ကိုးတောင်ဘို့ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုဟာ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်တာတွေ ဆက်တိုက် လုပ်ဆောင်နေသလို မူးရူးသောက်စားပြီး ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၁၈)ရက်ကလည်း ကိုးတောင်ဘို့ရွာက စစ်အုပ်စု မူးရူးသောက်စားပြီး လူနေအိမ်တွေထဲ လက်နက်ကြီးနဲ့ လိုက်လံပစ်ခတ်လို့ ဒေသခံ အသက်(၅၀)ကျော် ညီအမနှစ်ဦး သေဆုံးခဲ့သလို ယင်းမတိုင်မီကလည်း စစ်အုပ်စု မူးရူးသောက်စားပြီး ပြည်သူတွေ ရှိရာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြေးအဖိုး သုံးဦး သေဆုံးခဲ့ရပါသေးတယ်။

ကိုးတောင်ဘို့ရွာမှာလည်း စစ်အုပ်စု ရန်ကြောင့် ဒေသခံပြည်သူ သုံးပုံနှစ်ပုံကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကိုးတောင်ဘို့ #ပြည်သူ #ကလေးငယ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ