MFP ၊ စက်တင်ဘာ - ၂၄
မြောင်နယ်က ဒေသခံပြည်သူတွေနှင့် တော်လှန်ရေး တပ်ဖွဲပတွေ အားကိုးအားထားပြုရာ မြောင်နွေဦး ဆေးခန်းက သူနာပြုဆရာမလေးနဲ့ မကြာမီက စေ့စပ်ထားပြီး လာမယ့် သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားသူ၊ ပြည်သူ့ရဲဘော် ထက်ဝေအောင် ခေါ် ရဲဘော် ထက်ကြီး ဟာ စက်တင်ဘာ(၂၂)ရက်က မြောင်နယ် နဘက်ကျေးရွာ အနီးက ဒေသကာကွယ်ရေး တပ်ဖွဲ့ စခန်းတစ်ခု စီးနင်းခံရတဲ့ ဖြစ်စဉ်မှာ ကျဆုံးခဲ့ပါတယ်။
မြောင် ဗိုလ်တောက်ထွန်း - Myaung Bo Tauk Tun (MBTT) Special Force တပ်ဖွဲ့ဝင် အသက်(၂၄)နှစ်အရွယ် ရဲဘော် ထက်ကြီး ခေါ် ထက်ဝေအောင် ရဲ့ နာရေးကို ဒီနေ့ စက်တင်ဘာ(၂၄)ရက်မှာ ကျင်းပခဲ့ပြီး မြောင်ဒေသ တော်လှန်ရေး အင်အားစုတွေ တက်ရောက် အလေးပြုခဲ့ကြပါတယ်။
ကျဆုံးရဲဘော် ထက်ဝေအောင် (ခ) ရဲဘော် ထက်ကြီးဟာ နွေဦးတော်လှန်ရေး အစဦး ပိုင်းကတည်းက လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး MBTT တပ်ဖွဲ့ရဲ့ အားကိုးရတဲ့ ရဲဘော်တစ်ဦး ဖြစ်ကြောင်းနှင့် နွေဦးဆေးခန်းက သူနာပြုဆရာမလေးနဲ့ မကြာမီက စေ့စပ်ထားပြီး လာမယ့် သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားသူ ဖြစ်တယ်လို့ မြောင် PDF CDSOM တပ်ဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။
“ဖက်ဆစ် အာဏာရှင်များကို တွန်းလှန်ရင်း မြင့်မြတ်စွာနဲ့ နိုင်ငံတော်အတွက် အသက်ပေးသွားခဲ့တဲ့ ဗိုလ်တောက်ထွန်း အဖွဲ့မှ ရဲဘော် ထက်ကြီးရဲ့ ဈာပနကို အခက်အခဲများ ကြားကပဲ မြောင်နယ်ရှိ တော်လှန်ရေး အင်အားစုများ အားလုံး စုပေါင်းကာ အလေးပြု အခမ်းအနား အောင်မြင်စွာလုပ်ခဲ့ကြပါတယ်။ ရဲဘော်ထက်ကြီးဟာ အသားဖြူ ရုပ်ရည်သန့်ပြီး စိတ်သဘောထား နူးညံ့ကာ ကူညီရိုင်းပင်းစိတ် ရှိသူတစ်ဦးပါ။ လာမည့် သီတင်းကျွတ်လမှာ နွေဦးရောင်နီ ဆေးအဖွဲ့မှ နပ်စ်မလေး စင်သီယာနဲ့ မဂ်လာဆောင်ဖို့ နှစ်ဖက်မိဘများ ရှေ့မှာ ဗိုလ်တောက်ထွန်း၊ ကိုတိုက်ဂါးနဲ့ ကျနော် ကိုနွေဦးတို့မှ သွားရောက်ပြီး စေ့စပ်ပွဲလည်း လုပ်ပေးခဲ့ကြပါတယ်။ သူတို့စုံတွဲလေးဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ပြီး တော်လှန်ရေး ခရီးကြမ်းကို တက်ညီလက်ညီနဲ့ ကိုယ်ကျွမ်းကျင်ရာဖြင့် တော်လှန်နေကြသူတွေမို့ အလွန်လေးစား ခဲ့ရသူတွေပါ။ အခုတော့ ရဲဘော်ဟာ ကိုပိုင် အိပ်မက်တွေကို လွှတ်ချကာ နိုင်ငံတော်ကို ဖျက်ဆီးနေတဲ့ စစ်မိစ္ဆာတွေကို တော်လှန်ရင်း တာဝန်ကျေပွန်စွာနဲ့ ထွက်ခွာသွားခဲ့ပါပြီ။ အလေးနီပြုလိုက်ပါတယ်။ ငြိမ်းချမ်းစွာအနားယူပါတော့ ရဲဘော်ရေ” လို့ ကိုနွေဦးက ဂုဏ်ပြု ရေးသားထားပါတယ်။
စက်တင်ဘာ(၂၂)ရက် မနက်ပိုင်းက မြောင်မြို့နယ် နဘက်ရွာအနီးက ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းကို ဒလန်သတင်းပေးမှုက တဆင့် စစ်အုပ်စုက အင်အားအများအပြားနဲ့ နှစ်ဖက်ညှပ်ပိတ် စီးနင်းခဲ့ရာ မဟာမိတ် MBTT တပ်ဖွဲ့က ရဲဘော် ထက်ကြီး ကျဆုံးခဲ့တာလို့ MBTT တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“တော်လှန်ရေး ညီနောင်ရဲဘော်များ လွတ်မြောက်ရန်အတွက် တစ်ကိုယ်တည်း နောက်ချန်နေခဲ့သော အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ) ထက်ကြီး [အသက်၂၅နှစ်]သည် စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ခိုက်ရင်း ရှေ့တန်းတစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသည်။ ရဲဘော်ထက်ကြီးသည် စစ်အာဏာရှင်ကို တော်လှန်ရာ၌ တော်လှန်ရေး၏ အစောဆုံး အပိုင်းမှ စတင်ကာ တော်လှန်ပါဝင်ခဲ့သူ ဖြစ်ပြီး MBTT တပ်ဖွဲ့၏ များစွာ ယုံကြည်အားကိုးရသော တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ဖြစ်သည်။ ဤကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်ကျွန်စနစ်ဆိုးမှ ရုန်းထွက်နိုင်ရန် အသက်စွန့်ကာ တိုက်ပွဲဝင်သွားသော ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီးအား ကျွန်ုပ်တို့ Myaung Bo Tauk Tun (MBTT) Special Force မှ အလေးနီ ပြုအပ်ပါသည်” လို့ MBTT တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မြောင်နယ် နဘက်ရွာထဲ ဝင်မွှေသောင်းကျန်းတဲ့ စစ်အုပ်စုဟာ ဘူးကိုင်းရွာက ဈေးဝယ်လာတဲ့ ပြည်သူတစ်ဦးကို လမ်းဘေးမှာပဲ သ-တ်-ဖြတ်ထားခဲ့သလို နဘက်ရွာထဲမှာလည်း မည်သူမည်ဝါ မသိရသေးတဲ့ အလောင်းတစ်လောင်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ စစ်ပြေးပြည်သူ မိသားစုတစ်စုကို ဖမ်းပြီး ကျပ်သိန်း(၁၀၀) လက်နက်ပြ မိုက်ကြေးခွဲ လုယက်ခဲ့ပြီး ဒီနေ့အထိလည်း နဘက်၊ ဖွားစော၊ ဆွဲလဲအိုနှင့် ကင်းကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေဆဲမို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။
မြောင်နယ် နဘက်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ MBTT တပ်ဖွဲ့ဝင် ရဲဘော် ထက်ကြီးရဲ့ နာရေး/Photo – ကိုနွေဦး
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #MBTT #နဘက်