တောင်သာ နန်းမြင့်ရွာအုပ်ကြီး ရှင်းခံရပြီးနောက် စစ်အုပ်စုက ရွာထဲ ဝင်မွှေသောင်းကျန်း၊ ဒေသခံပြည်သူတချို့ ထွက်ပြေးနေရ၊

တောင်သာ နန်းမြင့်ရွာအုပ်ကြီး ရှင်းခံရပြီးနောက် စစ်အုပ်စုက ရွာထဲ ဝင်မွှေသောင်းကျန်း၊ ဒေသခံပြည်သူတချို့ ထွက်ပြေးနေရ၊

MFP၊ သြဂုတ် - ၄



မန္တလေးတိုင်း၊ တောင်သာနယ် နန်းမြင့်ရွာမှာ စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း ဆိုသူ ရှင်းလင်းခံရပြီးနောက် စစ်အုပ်စု ရောက်လာပြီး ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်း နေတယ်လို့ တောင်သာအခြေစိုက် TTA - Guerrilla Army တပ်ဖွဲက MFP ကို ပြောပါတယ်။



နန်းမြင့်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း ဆိုသူကို TTA - Guerrilla Army နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက သြဂုတ် (၂)ရက် ညနေပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပြီး ဦးကျော်သိန်းရဲ့ အလောင်းကို အဲဒီနေ့ ညပိုင်းမှာပဲ မီးရှိသဂြိဟ်လိုက်တယ်လို သိရကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲတွေက ပြောပါတယ်။



သြဂုတ် (၃)ရက် မနက်ပိုင်းမှာတော့ စစ်အုပ်စု အင်အား(၃၀)လောက် ကားသုံးစီးနဲ့ နန်းမြင့်ရွာထဲ ရောက်လာပြီး ဘုန်းကြီးကျောင်းထဲ စီးနင်းအထိုင်ချကာ ကျေးရွာက နေအိမ်တချို့ကို မွှေနှောက် သောင်းကျန်း နေတယ်လို့ ဆိုပါတယ်။



"ဖမ်းဆီးခံရတယ်လိုတော့ မကြားသေးဘူး။ သူတို ဝင်ရှာတဲ့ သဘောလောက်ပါပဲ။ PDF လို့ နာမည်ထွက်တဲ့ အိမ်တွေကို ဝင်ရှာတာ"လို TTA - Guerrilla Army မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။



စစ်အုပ်စု သောင်းကျန်းနေလို့ နန်းမြင့်ရွာက ဒေသခံ (၁၀၀)ကျော်လောက် ဘေးလွတ်ရာ ရှောင်နေရပြီး အများစုကတော့ ရှောင်တိမ်းတာမျိုး မလုပ်ဘဲ ရွာမှာပဲ ဆက်လက်နေထိုင်ကြတယ်လို အဲဒီ ရဲဘော်က ပြောပါတယ်။



နန်းမြင့်ရွာ အုပ်ကြီး ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ သြဂုတ်(၂)ရက် ညနေ(၅)နာရီကျော်က အုပ်ကြီး ဦးကျော်သိန်း နေအိမ်မှာ ရှိနေချိန် ဆိုင်ကယ်သုံးစီးနဲ့ လူခြောက်ယောက် ရောက်လာပြီး “ဥက္ကဌကြီး လာပါဦး” လို့ ခေါ်လို့ အိမ်ရှေ့ထွက်သွားရာက ခြံစည်းရိုးနားမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။



တောင်သာအခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲတွေရဲ့ ပြောဆိုမှုအရ တောင်သာနယ်က စစ်ကောင်စီခန့် ကျေးရွာတွေအနက် ရာထူးကနှု တ်ထွက်ထားသူ၊ ထွက်ပြေးတိမ်းရှောင်သူ အပါဝင် (၈၀)ရာခိုင်နှုန်းလောက်ဟာ စစ်အုပ်စု လက်အောက်မှာ မရှိတော့ဘူးလို့ ဆိုပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #နန်းမြင့်ရွာ #အုပ်ချုပ်ရေးမှူး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ