မန္တလေးမြို့ ပုသိမ်ကြီးထဲက ရပ်ကွက် ကျေးရွာအများအပြား လျှပ်စစ်မီး ဖြတ်တောက်ခံထားရ၊ စစ်အုပ်စု အားကိုးနှင့် မန္တလေးတိုင်း လျှပ်စစ် MESC က ဓားပြတိုက်သလို မီတာခတွေ တောင်းခံ၊

မန္တလေးမြို့ ပုသိမ်ကြီးထဲက ရပ်ကွက် ကျေးရွာအများအပြား လျှပ်စစ်မီး ဖြတ်တောက်ခံထားရ၊ စစ်အုပ်စု အားကိုးနှင့် မန္တလေးတိုင်း လျှပ်စစ် MESC က ဓားပြတိုက်သလို မီတာခတွေ တောင်းခံ၊

MFP ၊ အောက်တိုဘာ - ၃

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲ စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းတွေ ကြီးစိုး သောင်းကျန်းနေပြီး ဓားပြတိုက်သလို မီတာခတွေ လိုက်လံ ကောက်ခံနေသလို မြို့နယ်အတွင်းက ရပ်ကွက်နှင့် ကျေးရွာ အများအပြားကိုလည်း မီတာခ မဆောင်ဘူးဆိုပြီး လျှပ်စစ်မီးတွေ ဖြတ်တောက်ထားလို့ ပြည်သူတွေ ထမင်းဟင်း ချက်ပြုတ်ဖို့ကအစ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

လက်ရှိမှာ ပုသိမ်ကြီးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေ အပါအဝင် ပုသိမ်ကြီးနှင့် မန္တလေးမြို့ကြားက ကွေ့ကြီးကုန်း၊ ကုန်းတန်း၊ သန့်စင်ကုန်း၊ သလဲကုန်း၊ ကုလားကြီးခြံ စတဲ့ ကျေးရွာတွေကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက လျှပ်စစ်မီး ဖြတ်တောက်ထားတာကြောင့် ပြည်သူတွေ အခက်တွေ့ နေရတယ်လို့ ဆိုပါတယ်။

"မီတာခ ပေးတဲ့သူလည်း ပေးပါတယ်၊ ဘာလို့ ဖြတ်နေလဲတော့ မသိဘူး။ ပြီးတော့ မီတာခကိုလည်း စာရင်းမရှိ အင်းမရှိကို ကောက်ချင်သလို ကောက်နေကြတာ။ အငြိုးနဲ့လုပ်နေသလိုပဲ။ ပြောရဲလို့ ပြောရင်တော့ ပြန်လျှော့ပေးတယ်" လို့ ပုသိမ်ကြီး ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

လျှပ်စစ်မီး ဖြတ်တောက်ခံထားရတဲ့အတွက် ချက်ပြုတ်ရေး၊ ရေသုံးစွဲရေးနဲ့ လျှပ်စစ်မီးကို အဓိက သုံးစွဲနေရတဲ့ လုပ်ငန်းတွေ အခက်အခဲ ဖြစ်နေသလို ကျန်းမာရေးအတွက် လျှပ်စစ်မီး သုံးစွဲနေရသူတွေ အတွက်လည်း အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက လျှပ်စစ်မီး ဖြတ်တောက်ရာမှာ ပင်မ ထရန်စဖော်မာအိုးကနေ မိန်းကြိုးကို ဖြုတ်ချထားပြီး ရွာသားတွေ ပြန်တပ်မှာ စိုးတာကြောင့် စကစ လက်နက်ကိုင်တွေကို နေ့စားပေးပြီး အောင့်ချထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းတွေက ကျေးရွာ အုပ်ကြီးတွေကို ခေါ်ယူကာ ကျေးရွာအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲခကို သတ်မှတ်ပမာဏ ရောက်အောင် ပေးသွင်းမှ လျှပ်စစ်မီး ပြန်ပေးမည် ဖြစ်ကြောင်းနှင့် အဲ့ဒီလို ပေးသွင်းဖို့ အုပ်ကြီးတွေကတဆင့် ဖိအားပေး တောင်းခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာ၊ ရပ်ကွက်တွေ အနေနဲ့ ကျေးရွာအလိုက် ငွေကျပ် သိန်းထောင်ချီကာ မီတာခ ပေးသွင်းနေရပြီး မပေးသွင်းနိုင်တဲ့ ရပ်ကွက်၊ကျေးရွာတွေ မီးဖြတ်ခံနေရတာလို့ ဆိုပါတယ်။

ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားပြီး စစ်တပ်ထွက်တွေ အများအပြား စုဝေးနေတဲ့ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (MESC) က စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတွေက မန္တလေးတိုင်း မြို့၊ရွာ အနှံ့မှာ ဓားပြတိုက်သလို မီတာခတွေ လိုက်လံ ကောက်ခံနေပြီး မဆောင်ရင် မီးဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုကို ပေးလိုက်တဲ့ ငွေတွေဟာ ပြည်သူကို သတ်မယ့် ကျည်ဆံဖိုး ဖြစ်လာမှာမို့ စစ်အုပ်စုကို ငွေမပေးဖို့၊ စစ်အုပ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေကို မသုံးစွဲဘဲ သပိတ်မှောက်ကြဖို့ ပြည်သူအချင်းချင်း တိုက်တွန်းနေချိန်မှာ စစ်အုပ်စုကလည်း နိုင်ရာနည်းနဲ့ ပြည်သူကို ဒုက္ခပေး ဖိနှိပ်နေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းမှာ မီတာခ လိုက်ကောက်ပြီး မီးဖြတ်နေတဲ့ စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတွေ/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #EPC #လျှပ်စစ်မီတာခ #ပုသိမ်ကြီး #MESC

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ