ဝမ်းတွင်းမှာ စစ်အုပ်စုက ဒေသခံတွေကို ခွေးလိုအူခိုင်းပြီး ပါးရိုက်၊ ထိုင်ထလုပ်ခိုင်း၊ ဝမ်းတွင်း စခန်းမှူး ရှင်းလင်းခံရပြီးနောက် စစ်အုပ်စု သောင်းကျန်းနေပြီး ပြည်သူ (၁၅) ဦးခန့်ကို ဖမ်း၊ ဆိုင်ကယ် ရပ်မပေးလို့ဆိုပြီး ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်ကာ လမ်းဘေး ကန်ချထာ

ဝမ်းတွင်းမှာ စစ်အုပ်စုက ဒေသခံတွေကို ခွေးလိုအူခိုင်းပြီး ပါးရိုက်၊ ထိုင်ထလုပ်ခိုင်း၊ ဝမ်းတွင်း စခန်းမှူး ရှင်းလင်းခံရပြီးနောက် စစ်အုပ်စု သောင်းကျန်းနေပြီး ပြည်သူ (၁၅) ဦးခန့်ကို ဖမ်း၊ ဆိုင်ကယ် ရပ်မပေးလို့ဆိုပြီး ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်ကာ လမ်းဘေး ကန်ချထာ

MFP ၊ အောက်တိုဘာ - ၁၁

မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ စစ်ကောင်စီ သစ္စာခံ ဝမ်းတွင်း ရဲစခန်းမှူး စောနိုင်ဦး ဆိုသူ သုတ်သင်ရှင်းလင်း ခံရပြီးနောက် စစ်အုပ်စုက ဝမ်းတွင်းမြို့ခံ လက်နက်မဲ့ ပြည်သူတွေကို ထင်တိုင်းကျဲ ရန်ပြု သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဝမ်းတွင်းမြို့ပေါ် သွားလာနေတဲ့ ပြည်သူတွေကို ဆိုင်ကယ်ရပ်ခိုင်းပြီး ပါးရိုက်တာ၊ ထိုင်ထလုပ်ခိုင်းတာ၊ ဖားခုန် ခုန်ခိုင်းတာတွေ လုပ်နေတဲ့အပြင် လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဝမ်းတွင်းမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ပြီး နေအိမ်တေါထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေသလို အော်ဟစ်ဆဲဆို စိန်ခေါ်နေပြီး ဒေသခံပြည်သူ (၁၅)ဦးခန့်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ် Voice OF Wundwin (VOW) က ပြောပါတယ်။

“ မနေ့က တနေကုန် ဝမ်းတွင်းမြို့ပေါ် လမ်းမပေါ်မှာ တနေကုန် အစစ်အဆေးကြမ်းတယ်။ တချို့တွေကို ပါးရိုက်၊ ထိုင်ထ၊ ဖားခုန်ခိုင်းတယ်။ ပြီးတော့ ဖုန်းထဲမှာ စစ်ခွေးရဲခွေးဆိုတဲ့ စာတွေ့တဲ့သူတွေကို ခွေးလို အူခိုင်းတယ်။ အောင်မင်္ဂလာ၊ မကျည်းစု၊ မြကန်သာ ဒီရက်ကွက်တွေကို ပိတ်ပြီး စစ်ပါတယ်။ (၁၅)ယောက်လောက်လည်း အဖမ်းခံရတယ် “ လို့ VOW တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မနေ့က နေ့လည်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ထနောင်းကုန်းကျေးရွာ အနောက်ဘက် လိန်ပင်လမ်းခွဲမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ လိန်ပင်ရွာက ကိုဆန်းဝင်းနဲ့ ကိုစိန်ရွှေတို့ကို ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ကာ ဆိုင်ကယ်ကို လုယက်သွားပြီး ဒဏ်ရာရသူ နှစ်ဦးကို လမ်းဘေး ကန်ချထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် ကိုဆန်းဝင်ရဲ့ နောက်ကျောနံရိုးဘက်ကနေ ရင်ဘတ်ကို ကျည်ဆံဖောက်ထွက်ပြီး ရင်ဝမှာ ကျည်ဆံထိပ်ကို မြင်ရတဲ့အထိ ဖြစ်ခဲ့ကာ ကိုစိန်ရွှေမှာလည်း လည်ပင်းနဲ့ ဒူးမှာ ကျည်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ VOW က ဆိုပါတယ်။

“ ကိုဆန်းဝင်းဆိုသူ ရင်ညွန့်ကို မှန်တယ်၊ ကိုစိန်ရွှေ ကတော့ လည်ပင်းနဲ့ လက်မောင်းမှာ သေနတ်ဒဏ်ရာ ရတယ်၊ အခု မနက် နှစ်ယောက်စလုံး ဆေးရုံက ဆင်းလာပြီ၊ ခွေးတွေက ပစ်ခတ်ပြီးတဲ့နောက် လူမှားတာဆိုပြီး ဒီတိုင်း ထားခဲ့တာလို့ သိရတယ် “ လို့ VOW တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူ နှစ်ဦးစလုံးဟာ ဒေသခံပြည်သူ လက်လုပ်လက်စားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မနေ့က ဖမ်းဆီးထားတဲ့ ဝမ်းတွင်းမြို့က ဒေသခံတချို့ကို ရိုက်နှက်ညှဉ်းပန်း ငွေညှစ်ကာ ပြန်လွှတ်ပေးလိုက်သူတွေ ရှိတယ်လို့ ဆိုပေမယ့် ဘယ်နှဦး ပြန်လွတ်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

အောက်တိုဘာ (၉) ရက် ညနေပိုင်းက ဝမ်းတွင်းမြို့မ စခန်းမှူးအဖြစ် ခေတ္တ တာဝန်ပေးခံရတဲ့ နယ်ထိန်းခေါင်းဆောင် ဗိုလ်စော (ခ) ရဲအုပ်စောနိုင်ဦးကို သေနတ်နဲ့ ခြောက်ချက် ပစ်ခတ်ပြီး ရှင်းလင်းလိုက်တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WRTF) က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မိတ္ထီလာ၊ ဝမ်းတွင်းနယ်တကြော လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ သောင်းကျန်းနေတာ ဖြစ်ပြီး မိတ္ထီလာနယ်ထဲ စစ်ကောင်စီ သ္စစာခံ ပျူတွေလည်း ကြီးစိုးသောင်းကျန်းနေတယ်လနု့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းက ဝမ်းတွင်းမြို့နယ် နတ်နန်းရွာက ဒေသခံပြည်သူတွေကို စစ်အုပ်စုက ဖမ်းဆီး ညှဉ်းပန်း သတ်-ဖြတ်ခဲ့စဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #စခန်းမှူးရှင်းလင်းခံရ #စစ်အုပ်စုကသောင်းကျန်းစစ်ဆေး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ