မာရှယ်လော ဒဏ်သင့် အညာလူထု

စစ်အုပ်စုက ဖမ်းပြီး သေဒဏ် ချလိုက်တဲ့ အင်းတော်မြို့နယ်က ပြည်သူ လေးဦး/Photo - စစ်အုပ်စု
စစ်အုပ်စုက ဖမ်းပြီး သေဒဏ် ချလိုက်တဲ့ အင်းတော်မြို့နယ်က ပြည်သူ လေးဦး/Photo - စစ်အုပ်စု
မာရှယ်လော ဒဏ်သင့် အညာလူထု

မာရှယ်လော ဒဏ်သင့် အညာလူထု (သို့) ရေနွေးအိုးထဲ ထည့်ပြုတ်ခံနေရတဲ့ ဖားဘဝ

ရေးသူ - သက်တန့် (MFP)၊ (ဆောင်းပါး)

တောထဲမှာ မီးသွေးဖုတ်နေရင်း အင်းတော်မြို့ပေါ် စျေးလာဝယ်တဲ့ ကိုမင်းမင်းဦး (ခ) ကိုလမင်းကို စစ်အုပ်စုက ဖမ်းပြီး ထောင်တစ်သက်တစ်ကျွန်း ချလိုက်ပါတယ်။ တောထဲကနေ မြို့ပေါ်ကို ဈေးလာဝယ်တဲ့ ကိုမင်းမင်းဦးဟာ တောထဲက လာတဲ့ပုံစံ ပေါက်နေလို့ ဆိုပြီး PDF အဖြစ် မသင်္ကာမှုနဲ့ စစ်အုပ်စုက ဖမ်းဆီးကာ ထောင်ချလိုက်တာ ဖြစ်ပါတယ်။

အင်းတော်မြို့ စစ်အုပ်စု ဂိတ်က ဖေဖေါ်ဝါရီ(၈)ရက်မှာ ကိုမင်းမင်းဦးကို ဖမ်းပြီး ဖေဖေါ်ဝါရီ (၂၇)ရက်မှာ စစ်အုပ်စု စစ်ခုံရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချတာ ဖြစ်ပါတယ်။ စစ်အုပ်စုက ကိုမင်းမင်းဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ပြီး ခုခံချေပခွင့် မပေးဘဲ ထောင်ချ လိုက်တာလည်း ဖြစ်ပါတယ်။

တောထဲက လာတဲ့ ပုံစံ ပေါက်နေလို့ ဆိုပြီး စစ်ဆေးပြီးတော့ ဖမ်းထားလိုက်တာ။ ဖမ်းတဲ့ အချိန်မှာ သူ့မှာ ပစ္စည်းဘာညာ မိတာ မရှိဘူး။ အဲ့လို အဖမ်းခံရတာကို သူ့အမေက သုံးရက်လောက် မသိဘူး။ လှမ်း အကြောင်းကြားတော့ကို သူ့သားက တောထဲမှာ မီးသွေးဖုတ်နေတယ်ပဲ ထင်နေတာ။ အဖမ်းခံ လိုက်ရတယ်လို့ ပြောပြ လိုက်မှ သိသွားတာ”လို့ ကိုမင်းမင်းဦးကို စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထောင်ချ လိုက်တာဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိထားသူ အင်းတော်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

334515220_1138646640190093_6427962455500824686_n.jpg

တောထဲမှာ မီးသွေးဖုတ်ရင်း အင်းတော်မြို့ပေါ် စျေးလာဝယ်တဲ့ အင်းတော်မြို့နယ် ကမ်းနီရွာသား ကိုမင်းမင်းဦး (ခ) ကိုလမင်း ကို တောထဲက လာတဲ့ပုံစံ ပေါက်နေလို့ ဆိုပြီး စစ်အုပ်စုက ဖမ်းကာ ထောင်တစ်သက်တစ်ကျွန်း လိုက်စဉ်/Photo - စစ်အုပ်စု

စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ကိုမင်းမင်းဦး (ခ) ကိုလမင်းဟာ မိသွေးဖုတ်လုပ်ငန်းနဲ့ ကြုံရာကျပန်း အလုပ်တွေ လုပ်ကိုင်ရင်း မိဘကို လုပ်ကိုင်ကျွေးမွေးနေတဲ့ သာမန် အရပ်သား လူငယ်တစ်ဦးသာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း (၁၄)မြို့နယ်ကို စစ်အုပ်စုက မာရှယ်လော ထုတ်ထား

အရက်နံ့၊ ဆေးနံ့ ထောင်းထောင်း ထနေပြီး လက်လွတ်စပယ် သတ်ဖြတ်ဖို့ သေနတ် မောင်းတင်ထားတဲ့ စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းက နယ်မြို့တွေ၊ အထူးသဖြင့် မာရှယ်လော လို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ ထင်တိုင်းကျဲ အကြမ်းဖက် နေပါတယ်။ စစ်အုပ်စုဟာ လမ်းပေါ်သွားလာနေတဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ပြီး ငွေမပေးနိုင်သူတွေကိုတော့ ဖမ်းဆီးကာ စစ်ခုံရုံးတင်ပြီး သေဒဏ်အထိ ထောင်ချနေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ဖြစ်တဲ့ ၂၀၂၃ ဖေဖေါ်ဝါရီက စတင်ပြီး စစ်ကိုင်းတိုင်းက (၁၄)မြို့နယ်နဲ့ မကွေးတိုင်းက ငါးမြို့နယ် အပါအဝင် နိုင်ငံတဝန်းက မြို့နယ် (၄၀)ကို Martial Law - မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာခဲ့ပါတယ်။

မာရှယ်လောရဲ့ သဘောအရ အဲ့ဒီလို ကြေညာခံရတဲ့ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေး သာမက တရားစီရင်ရေးကိုပါ စစ်အုပ်စုက ရယူလိုက်တာလည်း ဖြစ်ပါတယ်။

မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာထားတဲ့ မြို့နယ်အတွင်း ဖြစ်ပွားတဲ့ အမှုတွေအနက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ မတရားအသင်းဥပဒေ၊ ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု၊ လက်နက်မှု၊ အဂတိမှု၊ မီဒီယာ၊ အီလက်ထရောနစ် ဆက်သွယ်ရေးစတဲ့ ပုဒ်မတွေနဲ့ စွပ်စွဲခံရသူတိုင်းကို စစ်ခုံရုံးက ပြစ်ဒဏ်စီရင်တာ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်ခုံရုံးတင် တရားစီရင်မှုတွေကို စစ်တိုင်းမှူး (ဗိုလ်မှူးချုပ်အဆင့်) ဒါမှမဟုတ် စစ်နယ်မြေမှူး (ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအဆင့်) တွေက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စား ခန့်အပ်ပြီးဖြစ်စေ စိတ်ကြိုက် အမိန်ချ၊ တရားစီရင်ခွင့်‌ ရရှိတာ ဖြစ်ပါတယ်။

အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ အရာတော်နဲ့ ဝက်လက် ဆိုတဲ့ မာရှယ်လော အထုတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း (၁၄)မြို့နယ်က ပြည်သူတွေဟာ ကိုယ့်ကိုကိုယ် ရာဇဝတ်သားလို နေထိုင်နေရပြီး အချိန်မရွေး စစ်အုပ်စုရဲ့ ရန်ပြု ဖမ်းဆီး ငွေညှစ်တာ၊ အနိုင်ကျင့် ထောင်ချတာနဲ့ သေဒဏ်အထိပါ ကျခံရနိုင်တဲ့ အခြေအနေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မသင်္ကာရင် ဖမ်းပြီး သေဒဏ်နဲ့ ထောင်တစ်သက်တကျွန်းအထိ ချတဲ့ စစ်အုပ်စု

အထက်ပါ မာရှယ်လော အထုတ်ခံရတဲ့ စစ်ကိုင်းတိုင်း (၁၄)မြို့နယ် အနက် MFP က ရရှိတဲ့ အချက်အလက်တွေအရ အင်းတော်တစ်မြို့နယ် တည်းမှာကိုပဲ မာရှယ်လော ကြေညာပြီးနောက် ဖေဖေါ်ဝါရီကနေ စက်တင်ဘာအထိ ရှစ်လအတွင်း သေဒဏ်နဲ့ တစ်သက်တကျွန်း ချခံရတဲ့ ပြည်သူ အနည်းဆုံး (၁၅)ဦး ရှိပြီ ဖြစ်ပါတယ်။

ယခု ၂၀၂၃ ဩဂုတ်(၁၈)ရက်မှာ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့က ဒေသခံ ပြည်သူလေးဦးကို စစ်အုပ်စုက သေဒဏ် ချခဲ့ပါတယ်။ အဲ့ဒီ ပြည်သူ လေးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)နဲ့ ၅၂(က)တို့ကို ကျူးလွန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ တိုင်းမှူး ဗိုလ်ချုပ်အဆင့် သန်းထိုက်ရဲ့ လက်အောက်ငယ်သားတွေ ဦးဆောင်တဲ့ စစ်ခုံရုံးကနေ သေဒဏ် ချလိုက်တာ ဖြစ်ပါတယ်။

13.png

၂၀၂၂ နိုဝင်ဘာက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ထဲ စားသောက်ပျော်ပွဲရွှင်ပွဲ ကျင်းပကာ လက်အောက်ငယ်သားတွေနဲ့ အရက်ခွက်ချင်းတိုက်နေတဲ့ နမခ တိုင်းမှူး သန်းထိုက်၊ နမခ ဟာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စု ဖြစ်ပါတယ်။ /Photo – စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်



 

(နမခ တိုင်းမှူး သန်းထိုက်ဟာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း (မြောက်ပိုင်း)မှာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့မှုတွေ ဦးဆောင် ကျူးလွန်နေသူ ဖြစ်သလို စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ငါးသောင်းကျော်ကို မီးရှို့ဖျက်ဆီးဖို့ အဓိက ခိုင်းစေခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာက နမခ တပ်တွင်း စားသောက်ပျော်ရွှင်ပွဲကြီး ကျင်းပခဲ့ပြီး လက်အောက်ငယ်သားတွေနဲ့ အရက်ခွက်ချင်း တိုက်ကာ အောင်ပွဲခံနေတဲ့ ပုံတွေကို လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့သူလည်း ဖြစ်ပါတယ်။)

အထက်ပါ ဩဂုတ်(၁၈)ရက်မှာ စစ်အုပ်စုက သေဒဏ် ချလိုက်တဲ့ အင်းတော်မြို့နယ်က ပြည်သူ လေးဦးဟာ သာမန် အရပ်သား ပြည်သူတွေ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အင်းတော်မြိုမှာ ဂိတ်ဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက အထက်ပါ ဒေသခံ လေးဦးကို ဖမ်းဆီးငွေညှစ်ရင်း မသင်္ကာမှုနဲ့ ဖမ်းဆီးပြီးနောက် စစ်ခုံရုံးက သေဒဏ်ချတာ ဖြစ်တယ်လို့ သေဒဏ် ချခံရသူတွေနဲ့ နီးစပ်တဲ့ အင်းတော်မြို့ခံ ကိုမင်း (အမည်လွှဲ) က ပြောပါတယ်။

သေဒဏ်ချခံရတဲ့ ဟာတွေကတော့ အခုလတ်တလော နှစ်ယောက်ကတော့ အင်းတော် စစ်တပ်ထဲမှာပဲ ရှိသေးတယ်။ နှစ်ယောက်ကတော့ အဆက်အသွယ် မရဘူး။ ပျောက်နေတာပေါ့။ သူတို့ကတော့ အင်းတော် မြို့ထဲမှာ ဂိတ်စစ်ရင်းနဲ့ ဖမ်းဆီးခံရတာပေါ့။ မြို့ထဲမှာရယ်၊ ဂိတ်မှာရယ် အဲလိုမျိုး အဖမ်းခံရတာ”

စစ်အုပ်စုက သေဒဏ်ချလိုက်သူ လေးဦးဟာ မုံရွာ - မြစ်ကြီးနား အဝေးပြေး ခရီးသည်တင် လိုင်းကား ယာဉ်မောင်း ကိုဇော်မျိုးထွန်း၊ အင်းတော်မြို့ပေါ် ရေတွင်းကုန်း ရပ်ကွက်က အသက်(၂၇)နှစ်အရွယ် ကိုအောင်ကျော်ကျော်မိုးနဲ့ ထီချိုင့်မြို့နယ်ဘက်ကနေ အင်းတော်ဘက်ကို လာရောက်စဉ် ဆိုင်ကယ်စီးနေတုန်း မသင်္ကာလို့ဆိုကာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျော်စွာဝင်းနဲ့ မမြင့်မြင့်အေး တို့ ဖြစ်ပါတယ်။

3.png

စစ်အုပ်စုက ဖမ်းပြီး သေဒဏ် ချလိုက်တဲ့ အင်းတော်မြို့နယ်က ပြည်သူ လေးဦး

ယာဉ်မောင်း ကိုဇော်မျိုးထွန်းဟာ မုံရွာ-မြစ်ကြီးနား အဝေးပြေးလိုင်းကားကို မောင်းနှင်နေချိန် အင်းတော်မြို့မှာ ဂိတ်ဖွင့်ပြီး စစ်ဆေးနေတဲ့ စစ်အုပ်စုက သူတို့ လိုင်းကားပေါ်မှာ လက်နက်တွေ သယ်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး ကားကို သိမ်းယူကာ လူကို အခုလို သေဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ လိုင်းကားပေါ်မှာ လက်နက်၊ ခဲယမ်းပစ္စည်း တစုံတရာ တွေ့ရှိခြင်း မရှိပေမယ့် လူကို ပြန်လွှတ်ရင် ကားကိုပါ ပြန်ပေးရမှာ ဖြစ်တာကြောင့် စစ်အုပ်စုက ဖမ်းထားပြီးသားဖြစ်တဲ့ ကိုဇော်မျိုးထွန်းကို ပြန်လွှတ်မပေးဘဲ သေဒဏ် ချလိုက်တာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အင်းတော်မြို့ ရေတွင်းကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၂၇)နှစ်အရွယ် ကိုအောင်ကျော်ကျော်မိုး ကတော့ အင်းတော်မြို့တွင်း ဆိုင်ကယ်စီး သွားလာနေရင်း လမ်းဘေးခေတ္တရပ်ပြီး ဖုန်းပြောနေချိန် စစ်အုပ်စု ကားနဲ့ တွေ့ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးခံရကာ ဖုန်းထဲမှာ ရွာမီးရှို့ခံရတဲ့ ဓာတ်ပုံတွေ့ရှိမှုနဲ့ သေဒဏ်ချခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်ကျော်ကျော်မိုးဟာ အင်းတော်မြို့နယ် နံ့သာကျေးရွာဘက်ကို အလုပ်ကိစ္စတစ်ခုနဲ့ သွားရောက်စဉ်က စစ်အုပ်စု မီးရှို့ထားတဲ့ နံ့သာကျေးရွာက နေအိမ်တွေကို အမှတ်မထင် ဓာတ်ပုံရိုက်ယူခဲ့မိပြီး စစ်အုပ်စုက အဲ့ဒီ မီးလောင်ထားတဲ့ နေအိမ်ဓာတ်ပုံတွေ တွေ့ရှိသွားရာကနေ အကြမ်းဖက် ဥပဒေနဲ့ တရားစွဲပြီး သေဒဏ်ချလိုက်တာလို့ နီးစပ်သူက ပြောပါတယ်။

စစ်အုပ်စုဟာ သူတို့ ဖမ်းဆီး စွပ်စွဲထားသူတွေကို တုန့်ပြန်ဖြေရှင်းခွင့် မပေးဘဲ တောင်းတဲ့ငွေ မပေးနိုင်ပါက သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းလို ပြစ်ဒဏ်တွေ ချနေတာလို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး စတင်ကြေညာတဲ့ ဖေဖော်ဝါရီလ အတွင်းမှာကိုပဲ အင်းတော်မြို့နယ်မှာ စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တကျွန်း ချလိုက်တဲ့ ပြည်သူ ခြောက်ဦးအထိ ရှိခဲ့တယ်လို့ အင်းတော်နယ် မြေပြင်ကင်းထောက် Indaw Revolution – IR အဖွဲ့က ဖော်ပြပါတယ်။

12.png

အင်းတော်မြို့နယ်မှာ စစ်အုပ်စု စစ်ခုံရုံးက ထောင်တစ်သက်တကျွန်း ချလိုက်တဲ့ ပြည်သူ (၁၀)ဦး/Photo – Indaw Revolution – IR , စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်

စစ်အုပ်စုက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချလိုက်တဲ့ အဲ့ဒီ ပြည်သူ ခြောက်ဦးဟာ အင်းတော်မြို့နယ် ကမ်းနီရွာသား ကိုမင်းမင်းဦး (ခ) ကိုလမင်း၊ ရွှေဘိုမြို့နယ် အမှတ်(၄) ရပ်ကွက်က ကိုထက်မြက်၊ ကိုကျော်စိုးအောင်၊ မဝေဝေလွင်၊ ရွှေဘိုမြို့နယ် အမှတ် (၈) ရပ်ကွက်က ကိုဖြိုးမင်းသူနဲ့ ခင်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်က ကိုစိုးဝေဇော်တို့ ဖြစ်ပါတယ်။ ကိုမင်းမင်းဦးကို စစ်အုပ်စုက PDF လို့ စွပ်စွဲ ပုဒ်မတပ်ကာ ထောင်တစ်သက်တကျွန်း ချလိုက်တာ ဖြစ်ပြီး ကျန်ငါးဦးကိုတော့ ပြည်သူတွေကို လိုက်လံ သတ်ဖြတ်သူတွေလို့ စစ်အုပ်စုက စွပ်စွဲဖမ်းဆီး ပုဒ်မတပ်ကာ ထောင် တစ်သက်တကျွန်း ချတာ ဖြစ်ပါတယ်။

PDF အဖြစ် စွပ်စွဲခံရကာ ထောင်တစ်သက်တစ်ကျွန်း ချခံရတဲ့ အင်းတော်မြို့နယ် ကမ်းနီရွာသား ကိုမင်းမင်းဦးဟာ တောထဲမှာ မီးသွေးဖုတ် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး အဖမ်းခံရတဲ့နေ့က တောထဲကနေ အင်းတော်မြို့ပေါ်ကို ဈေးဝယ်လာချိန် တောထဲက လာတဲ့ပုံစံ ပေါက်နေလို့ဆိုပြီး စစ်အုပ်စုက မသင်္ကာမှုနဲ့ ဖမ်းတာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

တောထဲကလာတဲ့ ပုံစံပေါက်နေလို့ဆိုပြီး စစ်ဆေးပြီးတော့ ဖမ်းထားလိုက်တာ။ ဖမ်းတဲ့ အချိန်မှာ သူ့မှာ ပစ္စည်းဘာညာ မိတာ မရှိဘူး။ အဲ့လို အဖမ်းခံရတာကို သူ့အမေက သုံးရက်လောက် မသိဘူး။ လှမ်းအကြောင်းကြားတော့ကို သူ့သားက တောထဲမှာ မီးသွေးဖုတ်နေတယ်ပဲ ထင်နေတာ။ အဖမ်းခံ လိုက်ရတယ်လို့ ပြောပြလိုက်မှ သိသွားတာ”လို့ အင်းတော်မြို့ခံတစ်ဦးက ဆိုပါတယ်။

ငွေလိုချင်လို့ ဖမ်းပြီး ထောင်ချ

မာရှယ်လောထုတ်ပြီး ပြည်သူကို ဖမ်းဆီးထောင်ချတာတွေက အင်းတော်မြို့နယ်မှာလိုပဲ တခြား မာရှယ်လော မြို့နယ်တွေမှာလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုခရိုင်မှာ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် စတဲ့ မြို့နယ်တွေ အားလုံးနီးပါး မာရှယ်လော ထုတ်ခံထားရပြီး စစ်အုပ်စုရဲ့ ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရတယ်လို့ ရွှေဘိုမြို့ခံတချို့က ပြောပါတယ်။

စစ်အုပ်စုက သူတို့ငွေညှစ်ချင်တဲ့ ပြည်သူတွေကို PDF ဒါမဟုတ် PDF ထောက်ပံ့သူလို့ စွပ်စွဲကာ ဖမ်းဆီးတဲ့အပြင် တခြား အကြောင်းပြချက်ရှာပြီး ဖမ်းဆီး ငွေညှစ်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမှုကတော့ ဘာမှ အထောက်အထား မရှိဘဲနဲ့ ကိုယ့်ကို တစ်ယောက်ယောက်က တိုင်ရင် အဖမ်းခံရတော့ တာပဲ။ အဲဒီတစ်ယောက်က အမည်ဖော်စရာလည်း မလိုဘူး။ ဘာမှ အထောက်အထားလည်း ပြစရာ မလိုဘူး။ ရွှေဘိုက လုပ်ငန်းရှင် တစ်ယောက်ဆိုလို့ရှိရင် ဘာမှ နိုင်ငံရေးနဲ့ ရာနှုန်းပြည့် ကင်းတဲ့ လူကိုပဲ ဘေးလူ တစ်ယောက်က တိုင်းလို့ဆိုပြီး ဖမ်းသွားတာ”လို့ ရွှေဘိုမြို့ခံ ဦးကျော်ဇော် (အမည်လွှဲ) က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ထဲ အကြမ်းဖက်နေတဲ့ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ လက်အောက်ခံ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ရဲ့ ထုတ်ပြန်ချက်တွေကို MFP က စောင့်ကြည့်မှတ်တမ်းယူခဲ့ရာ မာရှယ်လော ထုတ်ထားတဲ့ စစ်ကိုင်းတိုင်း (၁၄)မြို့နယ်မှာ မာရှယ်လော စထုတ်တဲ့ ဖေဖေါ်ဝါရီကနေ ဩဂုတ်လကုန်အထိ ခုနှစ်လအတွင်း စစ်အုပ်စု စစ်ခုံရုံးကနေ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ ချလိုက်တဲ့ ပြည်သူ စုစုပေါင်း(၂၂၄)ဦးအထိ ရှိပါတယ်။

ဇွန်လတစ်လအတွင်းမှာပဲ စစ်ကိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းမှာ စစ်အုပ်စုရဲ့ ဖမ်းဆီး‌ထောင်ချခံရတဲ့ ဒေသခံ ပြည်သူ (၁၃၀) ကျော် ရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ နမခ တိုင်းမှူး သန်းထိုက်ရဲ့ လက်အောက်ငယ်သားတွေ ဦးဆောင်တဲ့ စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချလိုက်တဲ့ ပြည်သူ ခုနှစ်ဦးနဲ့ ငါးနှစ်အထက် နှစ်ရှည် ထောင်ဒဏ် ချလိုက်သူက (၁၁)ဦး ရှိပါတယ်။

အဲ့ဒီ ထောင်တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ် ချခံရသူတွေကို PDF ထောက်ပံ့၊ PDF သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ပုဒ်မ ၅၀(ည)၊ ၅၀(စျ)၊ ၅၁၊ ၅၂ (က၊ခ၊ဂ)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄(က) စတဲ့ ပုဒ်မတွေ တပ်ပြီး ထောင်ချတာ ဖြစ်ပါတယ်။

 အပြင်ထွက်ခွင့် မနက်(၆) - ည(၆)နဲ့ ခြောက်ကပ်မြို့ပြ

ရွှေဘို၊ တန့်ဆည် စတဲ့ စည်ကားတဲ့ မြို့ကြီးတွေ အပါအဝင် မာရှယ်လော ထုတ်ခံရတဲ့ မြို့နယ်တွေမှာ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို မနက်(၆)နာရီကနေ ညနေ(၆)နာရီအတွင်းပဲ အိမ်ပြင် ထွက်ခွင့်ပေးပြီး သတ်မှတ်ချိန် ကျော်လွန်ပါက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးငွေညှစ်နေပါတယ်။ စစ်အုပ်စုရဲ့ ကန့်သတ်ဖိနှိပ်မှုတွေကြောင့် မီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်တွေ အပါအဝင် အရေးပေါ်လူနာတွေ အချိန်မီ ဆေးခန်းမပြနိုင်ဘဲ အသက်သေဆုံး ရတာမျိုး ကြုံတွေ့နေရတယ်လို့ မာရှယ်လော ထုတ်ခံရတဲ့ မြို့ခံတွေက ပြောပါတယ်။

မာရှယ်လော ထုတ်ခံရတဲ့ မြို့နယ်အများစုမှာ ဒေသခံပြည်သူအပေါ် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်နိုင်တဲ့ ဆေးရုံ၊ဆေးခန်း မရှိဘဲ မြို့ကြီးတွေက ဆေးရုံ၊ ဆေးခန်းတွေကို အားကိုးအားထားပြုကာ သွားရောက် ကုသကြရပြီး အရေးပေါ် လူနာအတွက် မနက်(၆)နာရီ ထိုးမယ့်အချိန်ကို စောင့်နေရတာဟာ လူနာ အသက်သေဆုံးဖို့ ထိုင်စောင့်နေရတာနဲ့ ဘာမှမထူးတော့ဘူးလို့ တန့်ဆည်မြို့ခံ ကိုသိန်း (အမည်လွှဲ)က ပြောပါတယ်။

မထင် မထင်သလို ဖမ်းကြတာ ဆိုတော့လေ။ သူတို့ပြောထားတဲ့ လုပ်ရပ်နဲ့လည်း မညီဘူးလေ။ သူတို့ ဖမ်းချင်သလို ဖမ်း၊ သူတို့ ရိုက်ချင်သလို ရိုက်နေတာဆိုတော့ ပြည်သူတွေက လန့်နေတာဆိုတော့ မဖြစ်မနေ သွားရမယ့် လူနဲ့ ဈေးဝယ်သွားရမယ့် သူလောက်ပဲ သွားတာပေါ့၊ အဲလောက်ပါပဲ။ ဆေးရုံ၊ ဆေးခန်းကို တန့်ဆည်မြို့ပေါ်ပြတာ နည်းတယ်ဗျ။ မုံရွာ၊ မန္တလေး သွားပြကြတာ များတယ်။ တန့်ဆည် ဆေးရုံကတော့ ပြည်သူတွေ အများကတော့ သူတို့ ကြောက်တာနဲ့ မသွားရဲကြဘူး”လို့ ကိုသိန်းက ဆိုပါတယ်။

ပုလဲနဲ ယင်းမာပင်လို မြို့နယ်တွေမှာလည်း စစ်အုပ်စုက မြို့ပေါ်မှာ ဂိတ်တွေဖွင့်ပြီး လာသမျှကို ဖမ်းဆီးငွေ ညှစ်ကာ မူးရူးရမ်းကား နေတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ သွားစရာ ရှိရင်တောင် မြို့ကို မဖြတ်တော့ဘဲ တခြားလမ်းတွေကို အသုံးပြုပြီး သွားလာနေကြရတယ်လို့ ဆိုပါတယ်။

မာရှယ်လော ထုတ်ပြီး စစ်အုပ်စုက ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းတာ၊ အနိုင်ကျင့် ဖိနှိပ် သတ်ဖြတ်တာ၊ ဖမ်းဆီးငွေညှစ် ထောင်ချတာတွေကြောင့် ရေဦး၊ ခင်ဦး၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည် စတဲ့ မြို့တွေမှာ ပြည်သူတွေ မနေနိုင်၊ မနေရဲကြတော့ဘဲ မြို့တွေက ခြောက်ကပ် တိတ်ဆိပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် မာရှယ်လော မြို့တွေက ငွေကြေးတတ်နိုင်သူ တချို့ဟာ ရန်ကုန်၊ မန္တလေးလို တခြား မြို့တွေကို ရွှေ့ပြောင်းကြပြီး အများစုကတော့ ဆွေမျိုးနီးစပ်ရှိတဲ့ ကျေးရွာတွေဘက် ပြောင်းရွှေ့ နေကြတယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲ အနေနဲ့ မာရှယ်လော မြို့နယ်တွေက မြို့ငယ်မှာ စီးပွားရေး လုပ်ကိုင်လို့ မရတော့ဘဲ သေနက်သံ၊ ဗုံးသံကလွဲလို့ တိတ်ဆိတ်ခြောက်ကပ်သွားပြီလို့ တန့်ဆည်မြို့ခံတစ်ဦးက ဆိုပါတယ်။

မနက်(၆)နာရီကနေ ညနေ(၆)နာရီပဲ အိမ်ပြင်ထွက်ခွင့်ပေးတဲ့ ပြဿနာဟာ ကျန်းမာရေးကိစ္စ တင်မကဘဲ တစ်နေ့လုပ် တစ်နေ့စား လူတန်းစားတွေရဲ့ အသက်ရှင် ရပ်တည်ရေးအတွက်ပါ အခက်အခဲ ဖြစ်လာပြီး မနက်ဈေး၊ ညဈေးနဲ့ နေ့စဉ် စည်ကားခဲ့တဲ့ ရွှေဘိုလို မြို့ကြီးမှာတောင် ဈေးအရောင်းအဝယ် လုပ်ဖို့ အဆင်မပြေ တော့ဘူးလို့ ရွှေဘိုမြို့ခံ ကိုကျော်ဇောက ဆိုပါတယ်။

ဟင်းသီးဟင်းရွက်သည်တို့ ဘာတို့ ဘုရားပန်းတို့ အဲလိုမျိုး ကုန်စိမ်းသည် အများစုက မနက်(၇)နာရီ စျေးဖွင့်၊ ဆိုင်ဖွင့်ရင်ဆို သူတို့က သိမ်းပေးရတာဆိုတော့ မနက်(၄)နာရီလောက် ကတည်းက လာပြီး ရောင်းကြရတာ။ အခု ကျတော့ မနက်(၆)နာရီ မထိုးမချင်း အပြင်ဈေးတန်းကလည်း ဈေးခင်းလို့ မရဘူး။ (၁၅)မိနစ်လောက် စောလာတာကို ခဏခဏ စစ်ကားနဲ့ လာဖမ်းတော့ ထွက်ပြေးကြရတာ”လို့ ရွှေဘိုမြို့ခံ ဦးကျော်ဇော် က ဆိုပါတယ်။

123bc172-1c35-4e74-b5fe-9b0bf5534717.jpeg

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလဆန်းမှာ မီးလောင်ခဲ့တဲ့ ရွှေဘိုမြို့ စျေးကြီး (စစ်အုပ်စုက လုယက်မီးရှို့တာလို့ ဒေသခံအများစုက ယူဆကြပါတယ်။)/Photo - CJ

မြို့ပေါ်က အခြေခံလူထုအနေနဲ့ အလုပ်အကိုင် အဆင်မပြေ ဝင်ငွေနည်းလာပြီး တောင်းရမ်း စားသောက် သူတွေလည်း များလာတယ်လို့ သူက ဆိုပါတယ်။

အသုံးစရိတ်ကို ဝင်ငွေက မီအောင် မလိုက်နိုင်တော့ ခိုးတယ်တို့၊ ဓားပြမှုတို့ ထူပြောလာတော့ အတန်အသင့် အဆင်ပြေတဲ့ လူတန်းစားက ကြောက်ပြီပေါ့ဗျာ။ ဆင်းရဲသားတွေကလည်း ငတ်ကြပြီဗျ။ အဲတော့ တောင်းရမ်းတဲ့ သူလည်း ပိုများလာတယ်ပေါ့ဗျာ။ အရင်တုန်းကတော့ ကျနော်တို့က အရွယ်ကောင်းတဲ့ အမျိုးသမီးတွေ ဘာညာ လူငယ်လေးတွေ တောင်းလို့ရှိရင် ပန်းရံအလုပ် ဝင်လုပ်လုပ်၊ စားပွဲထိုးအလုပ် ဝင်လုပ်လုပ် ရတာကွာ ဘာညာ မထည့်ဘူးပေါ့ဗျာ။ အခုဟာကတော့ တောင်းတဲ့လူ မှန်သမျှ ထည့်ပေးရတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အလုပ် ဝင်လုပ်ချင်ဦးတော့ အလုပ်ရှာဖို့ ခက်သွားပြီ။ အလုပ်လုပ်ရမယ့် နယ်ပယ်ကလည်း ကျဉ်းပြီးတော့ မုံရွာတို့လို ပါပဲ ရွှေဘိုလည်းပဲ လုပ်ငန်းအကြီးသမားတွေက ရွှေ့ကုန်ကြပြီ။ လုပ်ငန်းအငယ်နဲ့ ပြောင်းဖို့ရွှေ့ဖို့ရာ အခက်အခဲ ရှိတဲ့ လူလောက်ပဲ ကျန်တော့တာပေါ့။ မြို့က ခြေက်သွားပြီ”

စစ်အုပ်စုနဲ့ အပြိုင် ကြောက်လာရတဲ့ ခိုး၊ဆိုး၊ လုယက်သူတွေ

မာရှယ်လော မြို့နယ်တွေမှာ သေနက်ပြ၊ ဓားထောက်၊ ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားမှု များလာပြီး ဒေသခံ ပြည်သူတွေ အနေနဲ့ စစ်အုပ်စု ရန်သာမက လူဆိုး၊ သူခိုး ရန်ပါ ကြောက်လန့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ထဲမှာ ဆိုလို့ရှိရင် ဓားပြမှုတွေ၊ တချို့ဆိုလို့ရှိရင် အိမ်ထဲမှာ ရှိနေတဲ့ သူကို နေ့ခင်းကြောင်တောင် မြို့ပေါ် ရပ်ကွက်တွေမှာတောင် ဓားနဲ့ထောက်ပြီး လုယက်တာတွေ ရှိတယ်ပေါ့။ ခပ်စိပ်စိပ် တွေ့နေရတယ်”လို့ ကလေးမြို့ခံ ကိုဗိုက်ပူက ပြောပါတယ်။

မာရှယ်လော ထုတ်ခံရတဲ့ မြို့နယ်တွေက ပြည်သူတွေဟာ ရေနွေးအိုးထဲ ထည့်ပြီး အပြုတ်ခံနေရတဲ့ ဖားတွေလို ဖြစ်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ