စစ်ကိုင်းမြို့ပေါ်နှင့် ခိုတောင်ရွာမှာ စစ်အုပ်စုက လူငယ် ရှစ်ဦးကို ဖမ်းဆီး၊ MPC အဖွဲ့ဝင် လေးဦး ဖမ်းမိတယ်လို့ သတင်းဖြန့်၊

စစ်ကိုင်းမြို့ပေါ်နှင့် ခိုတောင်ရွာမှာ စစ်အုပ်စုက လူငယ် ရှစ်ဦးကို ဖမ်းဆီး၊ MPC အဖွဲ့ဝင် လေးဦး ဖမ်းမိတယ်လို့ သတင်းဖြန့်၊

MFP ၊ စက်တင်ဘာ - ၅

စစ်ကိုင်းမြို့ပေါ်နှင့် ခိုတောင်ရွာက လက်ဘက်ရည်တွေကို စစ်အုပ်စုက အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ သေနတ်ပစ်ဖောက် လာရောက်စီးနင်းကာ လူငယ် ရှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် Mandalar Pintagon Combad (MPC) အဖွဲ့ရဲ့ အဖွဲ့ဝင် လေးဦး ဖမ်းမိခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

စက်တင်ဘာ(၃)ရက် မနက်ပိုင်းက စစ်ကိုင်းမြို့ နန်းဦးမြို့သစ် ရပ်ကွက်က လက်ဘက်ရည်ဆိုင် တစ်ဆိုင်ကို အိမ်စီးကား ငါးစီးနဲ့ အရပ်ဝတ် စစ်အုပ်စု ရောက်လာပြီး ဆိုင်ကို စီးနင်းကာ အမျိုးသား သုံးဦးကို ဖမ်းဆီးခဲ့သလို မနေ့က စက်တင်ဘာ(၄)ရက် မနက်ပိုင်းမှာလည်း စစ်ကိုင်း - မင်းကွန်း ကားလမ်း၊ ခိုတောင်ရွာက လက်ဘက်ရည်ဆိုင်ကို အိမ်စီးကား (၁၀)စီးနဲ့ အရပ်ဝတ် စစ်အုပ်စု ရောက်လာပြီး သေနတ်ပစ်ခတ် စီးနင်းကာ လူငယ် ငါးဦးကို ဖမ်းဆီးပြီး ဆိုင်ကယ်တွေကိုပါ လုယက် သွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရသူတွေထဲက လေးဦးဟာ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြိုနယ်မှာ နေထိုင်သူတွေ ဖြစ်ပြီး Mandalar Pintagon Combad (MPC) အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။

“အတွင်းသတင်းအရ စစ်ကိုင်းမြို၊ မြိုသစ်ရပ်ကွက်၊ စစ်ကိုင်း- မင်းကွန်း ကာလမ်းမပေါ်ရှိ လ္ဘက်ရည်ဆိုင်၌ ထိုင်နေသည့် Mandalar Pintagon Combad (MPC) ဟု အမည်ပေးထားသော အဖွဲ့ခေါင်းဆောင် ကျော်လင်းအောင်၊ အဖွဲဝင်များ ဖြစ်သော မျိုးဇော်ထွန်း၊ သီဟကျော် (ခ) ဂတုံး တို့ သုံးဦးကို (၅.၅၆) ကျည် (၅၀) တောင့်နှင့်အတူ နကဦး ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထိုနောက် ကျန်ရှိနေသည့် အဖွဲ့ဝင် သိန်းသန်းစိုး ဆိုသူကို ဖမ်းဆီးနိုင်ရေးအတွက် ဖမ်းမိသူများအား ဖုန်းဆက်ချိန်းဆိုခိုင်းကာ စစ်ကိုင်းမြိုနယ်၊ လက်ပံကျေးရွာအနီး၊ စစ်ကိုင်း- မင်းကွန်း ကားလမ်းပေါ်မှ ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကာ ၎င်းတို့ လေးဦးကို အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း” လို့ စစ်အုပ်စုဘက်က သတင်း ဖြန့်ပါတယ်။

စစ်အုပ်စုက ဖော်ပြတဲ့ Mandalar Pintagon Combad (MPC) အဖွဲ့နှင့် ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အခြေအနေတွေ မသိရသေးပါဘူး။

စစ်အုပ်စုဟာ ခိုတောင်ရွာထဲ သေနတ်ပစ်ဖောက် စီးနင်းချိန်မှာ ဆိုင်ကယ်နှစ်စီးကို လုယက် သွားပြီး လူငယ် ငါးယောက်အထိ ဖမ်းဆီးသွားပေမယ့် တစ်ဦးတည်းကိုသာ MPC အဖွဲ့ဝင်အဖြစ် ဖော်ပြကာ ကျန်လေးဦးရဲ့ အကြောင်းကိုတော့ ဖော်ပြတာ မရှိပါဘူး။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ခိုတောင်ရွာ #မင်းကွန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ