ဒီပဲယင်း စိုင်ပြင်ရဲစခန်းကို ဂဠုန်တပ်တော်က ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်၊ စကစ အသေအပျောက် ရှိနိုင်၊

ဒီပဲယင်း စိုင်ပြင်ရဲစခန်းကို ဂဠုန်တပ်တော်က ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်၊ စကစ အသေအပျောက် ရှိနိုင်၊

MFP ၊ အောက်တိုဘာ - ၃

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းကို ယမန်နေ့ ညပိုင်းက (၆၀မမ) လက်နက်ကြီးတွေနဲ့ ညလုံးပေါက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဂဠုန်တပ်တော် (ဒီပဲယင်း) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁)ရက် ည(၇)နာရီကျော်ကနေ အောက်တိုဘာ(၂)ရက် မနက်(၄)နာရီအထိ (၆၀မမ)ဗုံးသီး (၂၅)လုံးနဲ့ ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ခြေကုပ်ယူထားသော ရဲစခန်းအား ည(၇:၃၀) နာရီ အချိန်မှ စတင်၍ အောက်တိုဘာ(၂)ရက် မနက် (၄:၀၀) နာရီ အချိန်အထိ (၆၀မမ) အသီး (၂၅)လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဂဠုန် တပ်တော်သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်။ ၎င်းဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ အကျအဆုံး ရှိနိုင်သည်ဟု ခန့်မှန်းရပြီး အတိအကျ မသိရသေးပေ” လို့ ဂဠုန်တပ်တော် (ဒီပဲယင်း) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေကို ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားပြီး လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။

စစ်အုပ်စုဟာ ဒီပဲယင်း အပါအဝင် ရွှေဘိုနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက်ပြီး ခိုးရာပါ ပစ္စည်းတွေကို လျှော့ဈေးနဲ့ ရောင်းချကာ ငွေရှာတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #စိုင်ပြင် #ဂဠုန်တပ်တော် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ