သပိတ်ကျင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့စခန်း လေကြောင်းက ပစ်ခတ် စီးနင်းခံရ၊ ရဲဘော်တွေ အန္တရာယ်ကင်းပေမယ့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာ ကျပ်သိန်း (၁၀၀)ခန့် ဆုံးရှုံးဟုဆို၊

သပိတ်ကျင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့စခန်း လေကြောင်းက ပစ်ခတ် စီးနင်းခံရ၊ ရဲဘော်တွေ အန္တရာယ်ကင်းပေမယ့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာ ကျပ်သိန်း (၁၀၀)ခန့် ဆုံးရှုံးဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၇

စစ်ကိုင်းတိုင်း ဝက်လက်နယ်ထဲမှာ အခြေစိုက် စခန်း ဖွင့်လှစ်ထားတဲ့ သပိတ်ကျင်း တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်း ပြီးခဲ့တဲ့ အောက်တိုဘာ(၈)ရက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံရကာ စီးနင်းခံရပြီး လက်နက်၊ ခဲယမ်းနှင့် ရိက္ခာ ကျပ်သိန်း (၁၀၀)ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၈)ရက်က ဝက်လက်နယ် အရှေ့ခြမ်း ဘုရားလေးကုန်းနှင့် ငါးပတ်ချောင်းရွာအနီးက PDF တပ်ဖွဲမှူးသင်တန်းကို စစ်အုပ်စုက တိုက်လေယာဉ် နှစ်စင်း အပါအဝင် အနည်းဆုံး ရဟတ်ယာဉ် ခြောက်စင်းနဲ့ ပစ်ခတ်ခဲ့ရာမှာ အဲ့ဒီ သင်တန်းနဲ့အနီးဝန်းကျင်က TBK တောဆင်ရိုင်း ပြောက်ကျား တပ်ဖွဲ့ရဲ့ စခန်းပါ လေကြောင်းကနေ ပစ်ခတ် စီးနင်းခံခဲ့ရတာလို့ ဆိုပါတယ်။

"ဝက်လက်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုတွင် မိမိတို့ သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တပ်စခန်းလည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ(၈)ရက် နေ့လည်(၁၂)ဝန်းကျင်ခန့်က ဝက်လက်မြို့နယ် အရှေ့ခြမ်း NCO သင်တန်းကွင်းအနီး စစ်ကောင်စီမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် (၁၅)မိနစ်ခန့် အချက်(၁၀၀)ခန့် ပစ်ခတ်ခဲ့သည်။ ကျနော်တို့ TBK တောဆင်ရိုင်း စခန်းသည်လည်း အဆိုပါသင်တန်းကွင်း နှင့် မနီးမဝေးတွင် စခန်းချ နေထိုင်လျက်ရှိသည်။ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဝေဟင်မှ ပစ်ခတ်ပြီးနောက် MI35 နှစ်စီး ထပ်ရောက်လာကာ စခန်းပေါ်တွင်အဝိုင်းပတ် ပုံစံဖြင့် မိနစ်(၂၀)ခန့် ပတ်ကာ ဝဲ၍ ဆက်လက်ပစ်ခတ်ခဲ့သည်။ (၁၀)မိနစ်လောက် အကြာတွင် ဗိုက်ပြားလေယာဉ် နှစ်စီး ထပ်ရောက်လာကာ စစ်ကောင်စီ ခန့်မှန်းအား (၈၀)ခန့်အား မြေပြင်ပေါ်သို့ ဆင်းစေပြီး NCO စခန်းကိုမီးရှို့ကာ စစ်ကြောင်း စတင်ထိုးခဲ့သည်။ အဆိုပါ ဖြစ်စဉ်များကြောင့် သင်တန်းကွင်းအနီးရှိသော ကျနော်တို့ TBK တောဆင်ရိုင်းပြောက်ကျား စခန်းတည်ရှိရာကိုလည်း စစ်ကြောင်းထိုးကာ ဝင်ရောက်ရှာဖွေ စီးနင်းခံခဲ့ရသည်" လို့ တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပေမယ့် စခန်းရှိ ပစ္စည်းတွေ ဖြစ်တဲ့ ပုလဲယမ်းတစ်ပိုင်း၊ ကတ်သီးတစ်ဖာ (၁၅၀ လုံး)၊ (၆၀မမ) ပြောင်းတစ်ပြောင်း၊ (၆၀မမ) ကျည်ဖူး (၁၂)ဖူး၊ ပတ်လည်မိုင်း(၂၄)လုံး၊ စလစ်မိုင်း သုံးလုံး၊ တွင်ခုံပစ္စည်းများ၊ ဒီဇယ်(၁၀)ပုံး၊ ဆန် ငါးပိုင်း ၊ စားဆီ နှစ်ပုံး၊ မိုးကာ ကိုက်(၁၀၀)အလိပ် တစ်လိပ်၊ ဆိုလာပြား ၊ ဘထ္တရီအိုးစတဲ့ ကျပ်သိန်း(၁၀၀)ကျော်တန် ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

"ထိုသို့ဖြစ်စဉ်တွင် မိမိတို့ ဘက်မှ ရဲဘော်များ အထိအခိုက်မရှိ ရှောင်တိမ်းနိုင်ခဲ့ပြီး ၊လက်ရှိအချိန်တွင် သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်း ပြောက်ကျား ရဲဘော်များသည် ဝက်လက်နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့်အတူ စစ်ရေးလုပ်ငန်းများအား အတူပူးပေါင်းကာ ဆောင်ရွက်လျက် ရှိနေသည်" လို့ တောဆင်ရိုင်း ပြောက်ကျားတပ်က ဆိုပါတယ်။

အောက်တိုဘာ(၈)ရက်က ဝက်လက်နယ် အရှေ့ခြမ်း ဘုရားလေးကုန်းရွာအနီးက PDF တပ်ဖွဲ့မှူး သင်တန်းကို စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်စီးနင်းခဲ့ရာမှာ ပြည်သူ့ရဲဘော် အနည်းဆုံး ကိုးဦးနှင့် ဒေသခံပြည်သူ အနည်းဆုံးနှစ်ဦး၊ စုစုပေါင်း (၁၁)ဦးထက်မနည်း ကျဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ လက်ရှိအချိန်ထိ ဝက်လက်နယ် အရှေ့ခြမ်းက ရွာတွေထဲက ပြန်မထွက်သေးဘဲ ဒေသတွင်း ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့ တာတွေ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

ဝက်လက်နယ် အရှေ့ခြမ်းမှာရှိတဲ့ သပိတ်ကျင်း ပကဖ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်း လေကြောင်းကနေ ပစ်ခတ်တိုကခိုက် စီးနင်းခံရစဉ်/Photo -TBK တောဆင်ရိုင်း

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #TBK #တောဆင်ရိုင်း #ပြောက်ကျားတပ် #စခန်း #လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ