မန္တလေး MDY-PDF ရဲဘော် တစ်ဦးကို စစ်အုပ်စုက ဟန်ဆောင် အကူအညီတောင်းကာ ထောင်ဖမ်း၊ အပြစ်မဲ့ပြည်သူ ငါးဦးကိုပါ ဆက်လက် ဖမ်းဆီးဟု MDY-PDF ထုတ်ပြန်

မန္တလေး MDY-PDF ရဲဘော် တစ်ဦးကို စစ်အုပ်စုက ဟန်ဆောင် အကူအညီတောင်းကာ ထောင်ဖမ်း၊ အပြစ်မဲ့ပြည်သူ ငါးဦးကိုပါ ဆက်လက် ဖမ်းဆီးဟု MDY-PDF ထုတ်ပြန်

MFP ၊ စက်တင်ဘာ - ၂၅

မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့ MDY-PDF ရဲဘော်တစ်ဦးကို စစ်အုပ်စုက ဟန်ဆောင် အကူအညီတောင်းကာ စက်တင်ဘာ (၂၄) ရက်မှာ ဖမ်းဆီးသွားပြီးနောက် မန္တလေးမြို့ခံ ပြည်သူ ငါးဦးကိုပါ ဆက်လက် ဖမ်းဆီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မန္တလေးခရိုင် တပ်ရင်း(၃) - MDY-PDF က အရေးပေါ် သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ပြ ပြောက်ကျားရဲဘော် ကိုဆိတ်(ကိုအောင်ကိုလတ်)ကို စစ်အုပ်စုက ဟန်ဆောင် အကူအညီတောင်းကာ ထောင်ဖမ်းသွားတာလို့ ဆိုပါတယ်။

“ မိတ်ဆွေတစ်ယောက်က သူတို့ရပ်ကွက်ထဲမှာ ပြဿနာ ဖြစ်လို့ဆိုပြီး အကူအညီတောင်းလို့ လိုရမယ်ဆိုပြီး ပစ္စည်း(ပစ္စတို)ထည့်ပြီး ထွက်သွားတာ၊ (၅၃)လမ်း၊ (၁၀၃)လမ်းနဲ့ (၁၀၄)လမ်းကြား ရောက်သွားတဲ့ အချိန်မှာ ချိန်းထားတဲ့ နေရာမှာ မတွေ့လို့ ဖုန်းဆက်တဲ့အချိန် နောက်က ကားနဲ့ရောက်လာပြီး တန်းဖမ်းသွားတာ “ လို့ MDY-PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရဲဘော်ကိုဆိတ်ကို ဖမ်းဆီးပြီး ဒီနေ့မှာတော့ မန္တလေးမြို့ပေါ်က ဒေသခံပြည်သူ ငါးဦးကို စစ်အုပ်စုက ဖမ်းဆီး သွားတာကြောင့် ရဲဘော်ကိုဆိတ်နဲ့ အဆက်အသွယ် ရှိသူတွေ သတိပြုကြဖို့လည်း MDY-PDF က ထုတ်ပြန်ပါတယ်။

ဒီနေ့ ဖမ်းဆီးခံရသူတွေထဲ ပါဝင်သူတွေဟာ MDY-PDF အဖွဲ့ဝင်တွေ မဟုတ်သလို ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာကို အတိအကျ မသိရသေးဘူးလို့လည်း ပြန်ကြားရေးတာဝန်ခံက ရှင်းပြပါတယ်။

ဗိုလ်နက္ခတ် ဦးဆောင်တဲ့ MDY-PDF ဟာ စက်တင်ဘာ (၈) ရက်က မန္တလေးကန်တော်ကြီး ပတ်လမ်းမှာ အမှတ်(၁၀) ရဲစခန်း နယ်ထိန်း ရခိုင်ကြီးဆိုသူကို ရှင်းလင်းခဲ့ပြီး စက်တင်ဘာ (၁၄) ရက်မှာလည်း (၇၈) လမ်းပေါ်က စစ်အုပ်စုကို ဆက်ကြေးပေးလုပ်နေတဲ့ လောင်းကစားဝိုင်းတစ်ခုကို လောင်းကြေးငွေတွေ မယူဘဲ လောင်းကစားပစ္စည်းတွေ သိမ်းကာ သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ (၂၂) ရက်ကလည်း (၆၉) လမ်းပေါ်က မန္တလေးစည်ပင် အရာရှိရိပ်သာဝင်းမှာ ဂိတ်စောင့်ရင်း ပြည်သူကို ရန်ပြုနေတဲ့ စည်ပင်ရဲတွေကို ဗုံးထုတိုက်ခိုက်ခဲ့ပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က ဖမ်းဆီးမှုတွေကို သတင်းအမှောင်ချထားပြီး ထင်တိုင်းကျဲ ညှဉ်းပန်း သတ်-ဖြတ် နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစက မန္တလေးမြို့ပေါ်မှာ တွေ့ရတဲ့ စစ်အုပ်စု/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MDY-PDF #UG #ကိုဆိတ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ