ပလိပ်စက္ကူစက်ရုံ CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှု စစ်အုပ်စုကို သတင်းမပေးခဲ့ဟု စက်ရုံမှူးမိသားစုဆို

ပလိပ်စက္ကူစက်ရုံ CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှု စစ်အုပ်စုကို သတင်းမပေးခဲ့ဟု စက်ရုံမှူးမိသားစုဆို

MFP ၊ ဩဂုတ် - ၈

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်စက္ကူစက်ရုံက CDM ဝန်ထမ်းတွေကို စစ်အုပ်စုက ဖမ်းဆီးခဲ့ရာမှာ သတင်းပေးခဲ့တာမျိုး မရှိဘူးလို့ စက်ရုံမှူးရဲ့ မိသားစုတွေက MFP ကို ပြောဆိုပါတယ်။

စက်ရုံ ဝန်ထမ်းအိမ်ယာထဲမှာ CDM ဝန်ထမ်း (၇၅)ဦး ရှိတဲ့အနက် ဇူလိုင်လ(၃၀)ရက်က စက်ရုံကို စီးနင်းရှာဖွေရာမှာ CDM ပြုလုပ်ထားတဲ့ အမျိုးသား (၁၃)ဦးနဲ့ အမျိုးသမီး (၁၁)ဦးတို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးခံရတာဟာ စက်ရုံမှူးက သတင်းပေးလို့ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မိသားစုက ပြန်လည်ရှင်းပြတာ ဖြစ်ပါတယ်။

“ လာဖမ်းခေါ်တဲ့ မနက်မှာ သူဂိတ်မှာ ထိုင်နေတုန်း စကစ က ကားတွေ အများကြီးရောက်လာပြိး စက်ရုံမှူးဘယ်မှာလဲ သတင်းရလို စီဒီအမ်တွေကို လာရှာတာဆိုပြီး သူ့ကို ပူးပေါင်းပါဝင်ခိုင်းလို့ ခုလို တရားခံ ဖြစ်ရတာပါ၊ သူမလုပ်ရင် သူလည်း ထိခိုင်နိုင်တာပါပဲ၊ တာဝန်ရှိသူမို့ တာဝန်ခံခဲ့တာပါ “ လို့ စက်ရုံမှူး ဦးဝင်းမြင့်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဦးဝင်းမြင့်ဟာ အဲဒီစက္ကူစက်ရုံကို တည်ဆောင်ပေးခဲ့တဲ့ ပညာရှင်ဖြစ်ပြီး စက်ရုံမှာ လိုအပ်တာတွေ ပြင်ဖို့ ပိုင်ရှင်က ခေါ်လို့ ကူညီပေးရင်းနဲ့ လက်ရှိမှာတော့ စက်ရုံမှာ စက်ရုံမှူးအဖြစ် အလုပ်ပြန်ဝင်နေတာ တစ်နှစ်ဝန်းကျင်ပဲရှိသေးတယ်လို့ ဆိုပါတယ်။

” တလရ ရဲဘောတွေ အနေနဲ့ ပစ်စလက်ခတ်မလုပ်ဘူး ဆိုပေမယ့် သေချာမသိဘဲ အမှားအယွင်းဖြစ်သွားမှာ စိုးလို့ သေချာစုံစမ်း စေချင်တာပါ “ လို့ မိသားစုဝင်က ဆက်လက်ပြောဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်း (၂၄)ဦးကို ပြန်လွှတ်ပေးစေချင်ရင် ကျပ်သိန်းဆယ်ဂဏာန်းနဲ့ ရွေးဖို့ စစ်အုပ်စုဘက်က ပြောဆိုနေတယ်လို့ နီးစပ်သူတွေဆီက သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

ပလိပ်စက္ကူစက်ရုံဟာ ၂၀၁၃ ခုနှစ်ခန့်ကစလို့ ကုမ္ပဏီနဲ့ အစိုးရ အကျိုးတူလုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး စက်ရုံဝန်ထမ်းပေါင်း (၃၀၀)ခန့်ရှိတဲ့အနက် (၇၅) ဦးဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး ကုမ္ပဏီဘက်က နားလည်မှုနဲ့ ဝန်ထမ်းအိမ်ယာမှာ ဆက်လက်နေထိုင်စေခဲ့တာလို့ ပလိပ်ဒေသခံအချို့ဆီက သိရပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စဉ့်ကိုင် #ပလိပ်စက္ကူစက်ရုံ #CDMဝန်ထမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ