မန္တလေးမြို့ ပြည်ကြီးတံခွန် (ဆ)ရပ်ကွက်ရုံး ဗုံးထုခံရ၊ တစ်ညတည်း ရပ်ကွက်ရုံးနှစ်ရုံး ဗုံးထုခံရခြင်းဖြစ်၊

မန္တလေးမြို့ ပြည်ကြီးတံခွန် (ဆ)ရပ်ကွက်ရုံး ဗုံးထုခံရ၊ တစ်ညတည်း ရပ်ကွက်ရုံးနှစ်ရုံး ဗုံးထုခံရခြင်းဖြစ်၊

MFP ၊ သြဂုတ် - ၁

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဒီည (၉)နာရီကျော်မှာ ဗုံးထုတိုက်ခိုက်ခံရပြီး အထိအခိုက် ရှိ၊မရှိကိုတော့ မသိရသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒိနေ့ သြဂုတ်(၁)ရက် ည(၉)နာရီခွဲ ဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ (၅၆)လမ်းနှင့် လမ်း(၁၃၀) အနီးမှာ ရှိတဲ့ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးထုခံရတာလို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးမှု ရှိ၊မရှိ မသိရပေမယ့် အလွန်ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားရကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း စစ်အုပ်စုက ရမ်းကားသောင်းကျန်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်ရုံးဟာ ကျူးကျော်ဖျက်တဲ့ စစ်အုပ်စုတွေ အထိုင်ချနေလေ့ရှိတဲ့ ရုံးဖြစ်သလို ပျူတွေ၊ စကစ သတင်းပေးတွေ စုဝေးလေ့ရှိတဲ့ ရုံး ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ (ဆ)ရပ်ကွက်ရုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒီနေ့ သြဂုတ်(၁)ရက် ည(၈)နာရီကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဦးပွား ခုံးကျော်တံတားအနီးက ချမ်းမြသာစည် တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး ဗုံးထုခံရပြီး စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး ဦးဝင်းဇော် (၄၅နှစ်) အပါအဝင် ရပ်ကွက်ရုံး အစောင့်ကျနေသူ သုံးဦး၊ စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ချမ်းမြသာစည် တောင်ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်မှုကို No more Dictatorship မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ကင်းပုန်းတွေဝပ်၊ လှည့်ကင်းတွေပတ်ပြီး ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ စစ်ဆေးတာ၊ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာ၊ စိတ်ထင်တိုင်း ပစ်ခတ် သတ်-ဖြတ်တာ၊ ရန်ပြု သောင်းကျန်းတာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေပြီး မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကလည်း စစ်အုပ်စုနှင့် စစ်အုပ်စု လက်အောက်ခံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

သြဂုတ်(၁)ရက် ည(၉)နာရီကျော်က ဗုံးထုခံရတဲ့ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်ရုံး (ပုံဟောင်း)/Photo - CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #ရပ်ကွက်ရုံး #ဗုံး #ဆရပ်ကွက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ