သပိတ်ကျင်း တွင်းငယ်ရွာက မြေတိုင်းစာရေး သေနတ်နဲ့ ရှစ်ချက်အပစ်ခံရပြီး ဆိုင်ကယ် လဲယူခံရ၊ ကျည်ကာ ဝတ်ထားလို့ အသက်မသေဟုဆို၊

သပိတ်ကျင်း တွင်းငယ်ရွာက မြေတိုင်းစာရေး သေနတ်နဲ့ ရှစ်ချက်အပစ်ခံရပြီး ဆိုင်ကယ် လဲယူခံရ၊ ကျည်ကာ ဝတ်ထားလို့ အသက်မသေဟုဆို၊

MFP ၊ စက်တင်ဘာ - ၃၀

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာနေ စစ်ကောင်စီ သစ္စာခံ မြေတိုင်းစာရေး ချန်ထွန်း ဆိုသူ သေနတ်နဲ့ ရှစ်ချက် ပစ်ခတ်ခံရပြီး ကျည်ကာဝတ်ထားလို့ အသက်မသေပေမယ့် လာရောက်ပစ်ခတ်သူက ဆိုင်ကယ်ချင်း လဲယူသွားတယ်လို့ သပိတ်ကျင်း တော်လှန်ရေးအဖွဲ့ - TR Team က ဖော်ပြပါတယ်။

စက်တင်ဘာ(၂၆)ရက် ညနေ(၆)နာရီက သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာက မြေတိုင်းစာရေး ချန်ထွန်းဆိုသူကို သေနတ်နဲ့ ရှစ်ချက် ပစ်ခတ်ပြီး ပစ်ခတ်သူတွေက ဆိုင်ကယ်ချင်း လဲယူသွားတာလို့ ဆိုပါတယ်။

“မည်သည့် အဖွဲ့မှ ပြုလုပ်သည် မသိရသေးပေမဲ့ ပစ်ခတ်သူက ၎င်း စီးလာသော ဆိုင်ကယ်အစုတ်နှင့် ချန်ထွန်း ဆိုင်ကယ် ကလစ်ဘီးအား လဲယူပြီး စီးသွားနိုင်ကြောင်းသိရ။ ကျည်ကာ ဝတ်ထားလို့ မသေဘူးလို့ သိရပြီး မန္တလေး ဆေးရုံမှာ ဆေးကုနေ” လို့ သပိတ်ကျင်း TR Team က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်လော်ဘီတွေကတော့ တွင်းငယ်ကျေးရွာက အပြစ်မဲ့ ပြည်သူတစ်ဦးကို PDF တွေက ပစ်ခတ်တာလို့ သတင်းဖြန့်ပါတယ်။

“တွင်းငယ်ကျေးရွာနေ ဦးချန်ထွန်း (၄၅) နှစ်သည် တကောင်းမြို့မှ ဆိုင်ကယ်ဖြင့် ပြန်လာရာ ၎င်း၏ နေအိမ်ရှေ့ အရောက် ဆိုင်ကယ်ပေါ်မှ ဆင်းရန် ပြုလုပ်စဉ် ကြိုတင်စောင့်ဆိုင်းနေသည့် ပီဒီအက်(ဖ်) နှစ်ဦးက‌ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးချန်ထွန်းမှာ ကျည်ထိမှန်၍ လဲကျသွားစဉ် ဦးချန်ထွန်း စီးနင်းလာသည့် ၅၉ ယ/ ၅---- နံပါတ်ပါ Click အစိမ်းရောင် ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့သည်။ ဦးချန်ထွန်းမှာ ယာလက်ပြင်မှ ရှေ့ပုခုံး ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်” လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ မန္တလေးတိုင်းထဲက မြို့နယ်တွေ အပါအဝင် နိုင်ငံတဝန်း ရွာစဉ်ပတ်မွှေကာ လုယက်၊ ဓားပြတိုက်၊ သောင်းကျန်း သတ်-ဖြတ်တာ၊ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး ခိုးရာပါ ပစ္စည်းတွေထဲက တချို့ကို လျှော့ဈေးနဲ့ ရောင်းကာ ငွေရှာပြီး တချို့သော ခိုးရာပါ ပစ္စည်းတွေကို ပျူတွေ၊ အုပ်ကြီးတွေထံ ခွဲဝေးပေးနတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ ရှစ်ချက် ပစ်ခတ်ခံရပေမယ့် ကျည်ကာဝတ်ထားလို့ အသက် မသေဘူးဆိုတဲ့ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာက မြေတိုင်းစာရေး/Photo – TR Team

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #တွင်းငယ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ