ရေစကြိုနယ်က အိမ်ခြေ(၆၀၀)ကျော်တဲ့ ငတရော်ရွာကို စစ်အုပ်စုက တနေကုန် လုယက် မီးရှို့၊ မနက်(၁၀)နာရီကနေ ည(၈)နာရီခွဲအထိ မီးတောက်တွေ မြင်နေရ၊

ရေစကြိုနယ်က အိမ်ခြေ(၆၀၀)ကျော်တဲ့ ငတရော်ရွာကို စစ်အုပ်စုက တနေကုန် လုယက် မီးရှို့၊ မနက်(၁၀)နာရီကနေ ည(၈)နာရီခွဲအထိ မီးတောက်တွေ မြင်နေရ၊

MFP ၊ သြဂုတ် - ၁၇

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသက အိမ်ခြေ(၆၀၀)ကျော် ရှိတဲ့ ငတရော် ခေါ် ငတမျှော်ရွာကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေသောင်းကျန်း လုယက်ကာ ဒီနေ့ တနေကုန် ထင်တိုင်းကျဲ မီးရှို့ဖျက်ဆီး နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ဒီနေ့ သြဂုတ်(၁၇)ရက် မနက်ပိုင်းမှာ ရေလည်ကျွန်းဒေသ ရေယှားရွာကနေ ငတရော်ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းပြီး တနေကုန် လုယက် မီးရှို့နေတာလို့ ဆိုပါတယ်။

“စခ၊ ပခများ ငတရော်ကျေးရွာကို တစ်နေကုန် ရွာလုံးကျွတ်နီးပါး မီးရှို့နေရာ ယခုချိန်ထိ လောင်ကျွမ်းနေတုန်း။ (ည-၈နာရီကျော်) ယခုအချိန်ထိ နီရဲသော မီးတောက်များ တွေ့နေရသည်” လို့ ရေလည်ကျွန်း သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေ လုယက် သောင်းကျန်း မီးရှို့နေလို့ ဒေသခံတွေ ထွက်ပြေးနေရပြီး ရွာလုံးကျွတ် ပြာကျမယ့် အခြေအနေ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ငတမျှော်ကျေးရွာအား အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးနဲ့ အကြမ်းဖက် စစ်သားများက မီးရှို့ခဲ့ကြောင်း သိရပါသည်။ ငတမျှော်ကျေးရွာသည် အိမ်ခြေ(၆၀၀)ခန့်ရှိသော ရွာဖြစ်ပြီး မနက်(၁၀)နာရီမှ စတင်ကာ မီးလောင်ကျွမ်းပြီး တစ်ရွာလူံးနီးပါး မီးလောင်ကြောင်း သိရပါသည်။ ရွာသူရွာသားများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲ မရှိဘဲ အကြောင်းမဲ့ အကြမ်းဖက် မီးရှို့တာဖြစ်ပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

လက်နက်အားကိုးနှင့် ရေလယ်ကျွန်းဒေသထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ငတရော်ရွာ အပါအဝင် ရေလည်ကျွန်းဒေသ ရွာတွေထဲ အကြိမ်ကြိမ် ဝင်မွှေလုယက် သောင်းကျန်းနေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ လတွေအတွင်း ငတရော်ရွာက ဒေသခံပြည်သူတချို့ အသ-တ်ခံခဲ့ရတယ်လို့ ရေလည်ကျွန်းဒေသခံတွေက ပြောပါတယ်။

ရေလည်ကျွန်းဒေသထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီမနက် (၉)နာရီက ရေယှားရွာကနေ ငတရော်ရွာဘက် ဝင်လာချိန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရေစကြိုမြို့နယ် (ပကဖ)၊ သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ ၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ စတဲ့ ဒေသကာကွယ်ရေး ပူးပေါင်းမဟာမိတ် အဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါတယ်။

ရေစကြိုနယ် ရေလည်ကျွန်းဒေသ ငတရော်ရွာကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေလုယက် မီးရှို့နေစဉ်/Photo - ရေလည်ကျွန်းသတင်း၊ ပခုက္ကူမြို့သတင်း

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ရေလည်ကျွန်း #ငတရော် #ပြည်သူ #ရွာ #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ