မန္တလေးတိုင်း PDF နဲ့ စစ်အုပ်စု နောင်ချိုနယ်မှာ စစ်ရေးတင်းမာနေပြီး ဒီနေ့တိုက်ပွဲပြန်ဖြစ်၊ ပြီးခဲ့တဲ့တိုက်ပွဲမှာ စကစဘက်က (၆)ဦးသေဆုံးပြီး (၃၀)ခန့် ဒဏ်ရာရခဲ့တယ်လို့ပြော

မန္တလေးတိုင်း PDF နဲ့ စစ်အုပ်စု နောင်ချိုနယ်မှာ စစ်ရေးတင်းမာနေပြီး ဒီနေ့တိုက်ပွဲပြန်ဖြစ်၊ ပြီးခဲ့တဲ့တိုက်ပွဲမှာ စကစဘက်က (၆)ဦးသေဆုံးပြီး (၃၀)ခန့် ဒဏ်ရာရခဲ့တယ်လို့ပြော

MFP ၊ ဩဂုတ် - ၅

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ကြားမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးတိုင်းဆီက သိရပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အစွန် ရတနာသိင်္ဂီကျေးရွာအနီးမှာ ဩဂုတ် (၃)ရက် ညပိုင်းက အင်အား (၂၀၀)ဝန်းကျင်ပါတဲ့ စစ်အုပ်စုဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်း PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုးကြိုးက MFP ကို ပြောပါတယ်။

တိုက်ပွဲအပြီးမှာတော့ စစ်အုပ်စုဘက်က (၆)ဦး သေဆုံးပြီး (၃၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဒီနေ့ ဩဂုတ်လ (၅)ရက် မွန်းလွဲပိုင်းမှာတော့ ရတနာသိင်္ဂီရွာအနီး ခဲမွန်ရွာဘက်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးနေတယ်လို့လည်း မန္တလေးတိုင်း PDF ထံက သိရပါတယ်။

စစ်အုပ်စုဘက်က အင်အား (၁၀၀)ကျော်ပါတဲ့ စစ်ကား (၁၀)စီးခန့်ဟာ နောင်ချိုမြို့ဘက်ကို ထွက်ခွါသွားတယ်လို့ ပြင်ဦးလွင်ဒေသခံတွေက ပြောဆိုပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့နေရာအနီးဝန်းကျင်က ပြည်သူတွေ စစ်အုပ်စုနဲ့ ဝေးဝေးမှာ နေကြဖို့ကိုလည်း ရဲဘော်မိုးကြိုးက ထပ်လောင်း သတိပေးပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂)ရက်ကနေ (၂၄)ရက်ထိတစ်ကြိမ်၊ (၂၈)ရက်မှာတစ်ကြိမ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူများစွာ ရှိခဲ့တယ်လို့လည်း မန္တလေးတိုင်း PDF က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ပေါ်မှာရှိတဲ့ ဒေသခံတွေ (၁၀)ဦးထက်မနည်းကိုလည်း စစ်အုပ်စုဘက်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လထဲကဖြစ်ခဲ့တဲ့တိုက်ပွဲအပြီး ထုတ်ပြန်တဲ့ဓာတ်ပုံတွေ/ဓာတ်ပုံ၊ မန္တလေးတိုင်း PDF

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နောင်ချို #ထိတွေ့တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ