ဝက်လက်နယ် ရွှေပန်းကုံး တိုက်ပွဲမှာ စကစ နှစ်ယောက် သေပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံး၊ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး ဆုံးပါး၊

ဝက်လက်နယ် ရွှေပန်းကုံး တိုက်ပွဲမှာ စကစ နှစ်ယောက် သေပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံး၊ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး ဆုံးပါး၊

MFP ၊ အောက်တိုဘာ - ၁၇

စစ်ကိုင်းတိုင် ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာ ရဲစခန်းကို ဒီမနက်ပိုင်း စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ စကစ နှစ်ယောက် သေပြီး ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ 96 Soldiers - PDF အညာဒေသ တပ်ခွဲ က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၇)ရက် မနက်(၅)နာရီကျော်က အရာတော်မြို့နယ်အစပ်၊ ဝက်လက်နယ်၊ မူးမြစ်ဘေးက ရွှေပန်းကုံးရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်အုပ်စုက လေကြောင်းကနေ ပစ်ကူပေးခဲ့ပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရလို့ ဒေသခံ အမျိုးသမီးတစ်ဦးလည်း ဆုံးပါးခဲ့ရပါတယ်။

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းကို 96‌ Soldiers-PDF တပ်အဖွဲ့၊ ဒေါင်းနီအဖွဲ့၊ မြင်းဖြူရှင်အဖွဲ့၊ တောသားကြီးအဖွဲ့တို့မှ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွဲခဲ့ရာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်တဲ့အတွက် စခန်းမသိမ်းနိုင်ဘဲ ပြည်သူ့ရဲဘော်တွေ ပြန်လည် ဆုတ်ခွာ ခဲ့ရတယ်လို့ 96 Soldiers - PDF က ဆိုပါတယ်။

"တိုက်ပွဲကြာမြင့်ချိန် တစ်နာရီအခန့်အကြာတွင် ဝေဟင်မှ လေယာဉ် ပစ်ကူများ ရွှေပန်းကုံးကျေးရွာ ကောင်းကင်ယံထက်တွင် ပျံသန်း၍ မြေပြင်ကို တရစပ် ပစ်ခက်သောကြောင့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရပါသည်။ အဆိုပါတိုက်ပွဲတွင် ကျွန်တော်တို့ 96Soldiers အဖွဲ့မှ ရဲဘော်‌တစ်ယောက် ထိခိုက်ဒဏ်ရာရ၍ တစ်ဦးမှာ ကျဆုံးခဲ့ရပါသည်။ အဆိုပါ တိုက်ပွဲတွင် ရန်သူ့ဘက်မှ နှစ်ဦး သေဆုံးပြီး ခြောက်ဦး အပြင်းအထန် ဒဏ်ရရှိကြောင်း ကနဦး သတင်းများအရ သိပါသည်" လို့ 96 Soldiers က ဖော်ပြပါတယ်။

ဒဏ်ရာရတဲ့ ရဲဘော်ကတော့ စိုးရိမ်စရာ မရှိဘူးလို့လည်း 96 Soldiers က ဆိုပါတယ်။

ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ အပါအဝင် အရာတော်နှင့် ဝက်လက်မြို့နယ်အစပ်၊ မူးမြစ်ကမ်းဘေးက ရွာတွေကို ဖက်ဆစ်တပ်က ဒီမနက် (၇)နာရီကျော်အချိန်မှာ ရဟတ်ယာဉ် တစ်စီးနဲ့ လာရောက် ပစ်ခတ် သောင်းကျန်းခဲ့ရာ ယင်းမတောကျေးရွာက အသက်(၄၀)ဝန်းကျင် ဒေသခံအမျိုးသမီး တစ်ဦး ကျည်ထိမှန် ဆုံးပါးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ တစ်နာရီနီးပါးကြာ လာရောက်ပစ်ခတ်တာကြောင့် ရွှေပန်းကုံးရွာ အပါအဝင် ဝက်လက်နှင့် အရာတော်မြို့နယ်အစပ်၊ မူးမြစ်ကမ်းဘေး ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ ရွာထဲ ပြန်မဝင်ရဲသေးဘူးလို့ ဆိုပါတယ်။

ဝက်လက်နယ် ရွှေပန်းကုံးရွာ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ/Photo - 96 Soldiers

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ရွှေပန်းကုံး #ရွာသာကြီး #အရာတော် #ရဟတ်ယာဉ် #မူးမြစ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ