မုံရွာမှာ မိုင်းထောင်ဖို့ သွားတဲ့ ပြည်သူ့ရဲဘော် နှစ်ဦး စစ်အုပ်စုနှင့် ထိပ်တိုက်တိုးကာ ကျဆုံး၊

မုံရွာမှာ မိုင်းထောင်ဖို့ သွားတဲ့ ပြည်သူ့ရဲဘော် နှစ်ဦး စစ်အုပ်စုနှင့် ထိပ်တိုက်တိုးကာ ကျဆုံး၊

MFP ၊ အောက်တိုဘာ - ၁၁

မုံရွာမြို့အနီးက ကျေးရွာတွေကို ဝင်မွှေလုယက် မီးရှို့ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းခွဲ တိုက်ခိုက်နိုင်ရေး မိုင်းထောင်ဖို့ သွားတဲ့ ပြည်သူရဲဘော်နှစ်ဦး စစ်အုပ်စုနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးသတ်-ဖြတ်ခံရကာ ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၉)ရက် ညပိုင်းက ဖက်ဆစ်တပ်ကို တိုက်ခိုက်နိုင်ရေး မိုင်းထောင်ဖို့ သွားတဲ့ အသက်(၁၈)နှင့် အသက်(၂၀)အရွယ် ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"မုံရွာ - ချောင်းဦး လမ်းမှာ ဖြစ်သွားတာ" လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။

"ကျွန်ုပ်တို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ခွဲ - ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ ရဲဘော် ကိုစည်သူမောင် (ခေါ်) သော်က အသက် (၂၀) ၊ ရဲဘော် ကိုသက်ဇော်ဦး (ခေါ်) ယက္ခ အသက်(၁၈)တို့သည် စက်တင်ဘာ(၉)ရက်တွင် မိုင်းဆင်သွားရင်း စကစများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီး နိုင်ငံတော်အတွက် အသက်ပေး၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးသဖြင့် ကျွန်ုပ်တို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း -၄ အနေဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲ ဝမ်းနည်းရပါသည်။ အာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းရေး တာဝန်များကို ကျန်ရစ်သော ကျွန်ုပ်တို့ ရဲဖော်များက ဆက်လက် ထမ်းဆောင်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဝန်ခံ ကတိပြုပါသည်" လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ယမန်နေ့ ညပိုင်းက မုံရွာမြိုနယ်၊ ပုရစ်ကုန်းကျေးရွာဘက်မှ ပုတော ကျေးရွာဘက် ဆိုင်ကယ်နဲ့ မောင်းနှင်လာသူ သုံးဦးကို စစ်ဆေးဖို့ တားဆီးရာ ဆိုင်ကယ်ရပ်မပေးတဲ့အတွက် ပစ်သတ်ခဲ့ပြီး လက်လုပ်သေနတ် (အရှည်) တစ်လက်၊ (၁၂)ဗိုကျည် ခုနှစ်တောင့်၊ လက်လုပ်ရီမုမိုင်း နှစ်လုံးနှင့် ဖုန်း သုံးလုံး သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဖြန့်ထားပါတယ်။

ကျဆုံးရဲဘော် နှစ်ဦး

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ChindwinAttackForce #ပြည်သူ့ရဲဘော် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ