တောင်သာနယ် သပြေဝရွာက အုပ်ချုပ်ရေးမှူးနဲ့ ညောင်ဦး ဂန့်ဂါရွာက ပျူစောထီးကို ရှင်းလင်းခဲ့တယ်လို့ နွားထိုးကြီး NRDF ထုတ်ပြန်

တောင်သာနယ် သပြေဝရွာက အုပ်ချုပ်ရေးမှူးနဲ့ ညောင်ဦး ဂန့်ဂါရွာက ပျူစောထီးကို ရှင်းလင်းခဲ့တယ်လို့ နွားထိုးကြီး NRDF ထုတ်ပြန်

MFP ၊ ဩဂုတ် - ၁၆



မန္တလေးတိုင်း တောင်သာမြို့နယ် သပြေဝကျေးရွာက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ ညောင်ဦးမြို့နယ် ဂန့်ဂါရွာက ပျူစောထီးတို့ကို ရှင်းလင်းခဲ့တယ်လို့ နွားထိုးကြီးဒေသကာကွယ်ရေးတပ်ဖွဲ့ (NRDF)က ဒီနေ့ ဩဂုတ်လ (၁၆)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။



တောင်သာနယ် သပြေဝရွာ အုပ်ချုပ်ရေးမှူး ဦးကံထွန်းဟာ သားနှစ်ယောက်ကို ပျူစောထီးအဖြစ် လုပ်စေပြီး ရွာထဲ စစ်တပ်ခေါ်ပြီး အာဏာပြတာ၊ စစ်တပ်ထောက်ခံပွဲတွေကို ရွာလူထုဆန္ဒမပါဘဲ ပြုလုပ်ခိုင်းတာ၊ စစ်တပ်မထောက်ခံသူတွေကို ခွဲခြားဆက်ဆံ အနိုင်ကျင့်နေတာတွေ လုပ်ဆောင်နေတဲ့အတွက် ဩဂုတ်လ (၁၂)ရက်မှာ ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ ဆိုပါတယ်။



အလားတူပဲ ညောင်ဦးနယ် ဂန့်ဂါကျေးရွာက ပျူစောထီးအဖြစ် နာမည်ကြီးတဲ့ ပျူရှမ်းလေး(ခ) ရန်နိုင်စိုး ဆိုသူဟာ စစ်အုပ်စုခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးကို ကြိုးကိုင်ထားပြီး ပြည်သူတွေ အဆင်မပြေတဲ့ကြားကနေ လျှပ်စစ်မီတာခတွေ အတင်းအဓမ္မ ကောက်ခံစေတာ၊ နေအိမ်တွေ မီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်တဲ့အပြင် စစ်တပ်ခေါ်ပြီး အာဏာပြတာတွေကိုပါ လုပ်ဆောင်နေတဲ့အတွက် ဩဂုတ်လ (၁၁)ရက် ညပိုင်းမှာ ရှင်းလင်းခဲ့ရာ အသက်မသေသေးဘဲ ဆေးကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



အဲဒီရှင်းလင်းမှုတွေကို နွားထိုးကြီးဒေသကာကွယ်ရေးတပ်ဖွဲ့(NRDF)၊ မြေလတ် PDF ၊ TTA-တောင်သာပြောက်ကျားတပ်၊ Seven People Defence Force၊ Bagan Ogre Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #ညောင်ဦး #အုပ်ချုပ်ရေးမှူး #ပျူစောထီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ