မြစ်ငယ် MNPDF က အောက်တိုဘာအတွင်း စစ်အုပ်စုကို ခုနှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး (၁၂)ယောက်ရှင်းလင်းနိုင်ခဲ့ဟုဆို၊

မြစ်ငယ် MNPDF က အောက်တိုဘာအတွင်း စစ်အုပ်စုကို ခုနှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး (၁၂)ယောက်ရှင်းလင်းနိုင်ခဲ့ဟုဆို၊

MFP ၊ နိုဝင်ဘာ - ၁

မန္တလေးမြို့၊ မြစ်ငယ်မြို့ အခြေပြု မန္တလေးခရိုင်၊ အမှတ်(၅)တပ်ရင်း - Myitnge People Defence Force - MNPDF က ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စစ်အုပ်စုကို ခုနှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စကစနှင့် စစ်ကောင်စီ သစ္စာခံ ပျူ (၁၂)ယောက်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

မြစ်ငယ် MN PDF က သုတ်သင်ရှင်းလင်းနိုင်ခဲ့သူတွေထဲ ပုလိပ်မြို့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်မှူးအဆင့် တစ်ဦးနှင့် စခန်းမှူး ရဲအုပ်အဆင့်တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ (၃) ရက်က ပုလိပ်မြို့ကနေ စဉ့်ကိုင်ဘက် မီတာကြေး သွားအပ်မယ့် ပလိပ် EPC မန်နေဂျာနဲ့ စကစ အရာရှိသုံးဦး လိုက်ပါလာတာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စွန်ရဲလေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်မှူး ဇော်ဇော်နိုင်နဲ့ ပလိပ်မြို့ စခန်းမှူး ဇော်ဝင်းတို့ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီး အောက်တိုဘာ (၄) ရက်ကလည်း ငါန်းဇွန်မြို့နယ် သရက်ကန်ရွာက ပျူ ကျော်လှိုင်နဲ့ အောင်သူမိုးတို့ကို သုတ်သင် ရှင်းလင်းခဲ့ပြီး သန်းထွန်းကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ငါန်းဇွန်နယ် သရက်ကန်ရွာက ပျူတွေဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ငါန်းဇွန်နယ် မြို့သာစက်မှုဇုန်အနီးက MNPDF ရဲ့ ယာယီစခန်းနေရာကို သတင်းပေးတိုင်ကြားကာ စခန်းဝင်စီးချိန် ဦးဆောင်လမ်းပြပေးခဲ့ကြတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြို့သာအနီးက MN PDF စခန်း စီးနင်းခံရမှုမှာ MN PDF တပ်ဖွဲ့ဝင်လေးဦး ကျဆုံးပြီး (၃၀)နီးပါး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ (၁၃) ရက်ကလည်း တံတားဦးနယ် ခပ်ပင်အိုင်ရွာက ပျူခေါင်းဆောင် မောင်ဝင်း ကို မြို့သာလမ်းပေါ်မှာ ရှင်းလင်းခဲ့သလို အောက်တိုဘာ (၁၄) ရက်ကလည်း မြို့သာနယ် ဂျွမ်းကန်ရွာက ထွေအုပ်စာရေး မင်းဇော်ဦးနဲ့ ဇနီး စီစီစိန်(NonCDM ဆရာမ) ကို မြို့သာလမ်းပေါ်မှာ ရှင်းလင်းခဲ့တယ်လို့ MN PDF က ထုတ်ပြန်ထားပါတယ်။

ဂျွန်းကန်ရွာက ထွေအုပ်စာရေး ပျူခေါင်းဆောင် လင်မယား သုတ်သင်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က ဒေသခံ လူငယ် ငါးဦးကို ဖမ်းဆီးကာ ညှဉ်းပန်းသတ်ဖြတ်ပြီးနောက် မိုင်(၄၀)ကျော်ဝေးတဲ့ ငါးဇွန်နယ် ကုလရွာဘက်မှာ အလောင်းတွေ စွန့်ပစ်ခဲ့ပါတယ်။

MNPDF အနေနဲ့ အောက်တိုဘာ(၂၈)ရက်ကလည်း ပုလိပ်မြို့ ဘူတာရပ်ကွက်က ကောက်ရိုးဘုန်းကျော်ကို ပစ်ခတ်သုတ်သင်ခဲ့ပြီး ကောက်ရိုးဘုန်းကျော်ဟာ PDF ရဲ့ ယာယီစခန်းနေရာကို စစ်အုပ်စုထဲ သတင်းပေးပြီး စခန်းကို စီးနင်းချိန်မှာလည်း ဦးဆောင်လမ်းပြပေးခဲ့ကြောင်း၊ လောင်းကစားဝိုင်းတွေ အပါအဝင် ပုလိပ်နယ်ထဲ ဆက်ကြေးလိုက်ကောက်ပြီး စစ်အုပ်စုအတွက် ငွေရှာပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အောက်တိုဘာ (၂၉) ရက်မှာ ငါန်းဇွန်နယ် မြို့သာစက်မှုဇုန်အနီး နဝရတ်ရွာထိပ်က ဝါဆိုဦး KTV မှာ သောက်စားမူးရူးနေတဲ့ ငါန်းမြာကြီးစခန်းမှူး အပါအဝင် အရာရှိ နယ်ထိန်း တပ်သား ကိုးယောက်ကို တိုက်ခိုက်သုတ်သင်ရှင်းလင်းခဲ့ရာ စခန်းမှူးနဲ့ အရာရှိ နှစ်ယောက် သေပြီး ကျန် ခြောက်ယောက် ထိခိုက်ဒဏ်ရာရကာ သေဆုံးနိုင်တယ်လို့ MN PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို MN PDF နှင့် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း MN PDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်နှစ်စီး ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်ငယ် #MNPDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ