ဂုဏ်ထူးတွေနဲ့ (၁၀)တန်းအောင်ထားတဲ့ စစ်ကိုင်းက (၁၉)နှစ်အရွယ် PDF ရဲဘော်တစ်ဦး ကျဆုံး၊ မိုင်းဖောက်ခွဲဖို့ ကြိုးစားနေရင်း စစ်အုပ်စုနဲ့ ပစ်ခတ်မှုဖြစ်ကာ ကျဆုံးဟုဆို၊

ဂုဏ်ထူးတွေနဲ့ (၁၀)တန်းအောင်ထားတဲ့ စစ်ကိုင်းက (၁၉)နှစ်အရွယ် PDF ရဲဘော်တစ်ဦး ကျဆုံး၊ မိုင်းဖောက်ခွဲဖို့ ကြိုးစားနေရင်း စစ်အုပ်စုနဲ့ ပစ်ခတ်မှုဖြစ်ကာ ကျဆုံးဟုဆို၊

MFP ၊ အောက်တိုဘာ - ၂၆

စစ်ကိုင်း - မုံရွာလမ်းတလျှောက် စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ်ကားတွေကို အမြဲမပြတ် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်နေတဲ့ Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့က အထူးကွန်မန်ဒိုရဲဘော်၊ မိုင်းကျွမ်းကျင် ပညာရှင် အသက်(၁၉)နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး အောက်တိုဘာ(၂၄)ရက်က တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ MNRF က သတင်း ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် အီးဇီးဟာ (၁၀)တန်းစာမေးပွဲကို ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်မြင်ထားသူ ဖြစ်ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း အောက်တိုဘာ(၂၄)ရက် နေ့လည်ပိုင်းက စစ်ကိုင်း - မုံရွာလမ်း၊ မြင်းမူနယ်ထဲမှာ စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲဖို့ ကြိုးစားရင်း တိုက်ပွဲဖြစ်ပြီး ကျဆုံးတာလို့ ဆိုပါတယ်။

"ခွေးအင်အား (၁၅၀)ကျော် စစ်ကြောင်းအား မိုင်းဆွဲတိုင်ခိုက်ရန် အသင့်စောင့်နေစဉ် မိုင်းကွင်းထဲသို့ မဝင်ဘဲ ခွေးတွေသည် မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှ ရောက်လာပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် ကျွန်ုပ်တို့ Moe Nyo Revolution Force M.N.R.F တပ်ဖွဲ့မှ အထူးကွန်မန်ဒို တစ်ယောက်လည်း ဖြစ်သလို မိုင်းကျွမ်းကျင် ပညာရှင်တစ်ဦးလည်းဖြစ်သည့် အသက်(၁၉)နှစ် တပ်ခွဲ (၂) တပ်စု (၃) တပ်စုမှုး ရဲဘော် အီးဇီး သည် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ပြီး မြင့်မြတ်စွာ ကျဆုံး ခဲ့ရသည်" လို့ MNRF က ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း ရဲဘော်အီးဇီးက အခြားရဲဘော်နှစ်ဦး လွတ်မြောက်အောင် ကူညီနိုင်ခဲ့တယ်လို့လည်း MNRF က ဆိုပါတယ်။

"ရဲဘော် အီးဇီးသည် သူ၏ ရဲဘော်နှစ်ဦး မလွတ်တော့မည့် အခြေနေတွင် အယောင်ပြ မျှားခေါ်ပြီး ကျဆုံးခဲ့ရခြင်း ဖြစ်ပါသည်။ ပထမတစ်ချက် လက်မောင်းကို မှန်ချိန်တွင် သူ၏ လက်လုပ်သေနတ် အတိုဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြေးရာ ဒုတိယ တစ်ချက် ဒူးကိုမှန်၍ လမ်းမလျောက်နိုင်တော့ဘဲ ခွေးများ၏ ဝိုင်းပစ်ခတ် ဖမ်းဆီးခြင်းကို ခံခဲ့လိုက်ရသည်။ ခွေးများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး မေးတာကို မဖြေ၍ လူမဆန်စွာ သတ်ဖြတ်ခဲ့သည်" လို့ MNRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရဲဘော်အီးဇီးဟာ မောင်းပြန်မရှိပေမယ့် ဇွဲ၊သတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့သူ ဖြစ်တယ်လို့ MNRF က ဆိုပါတယ်။

"ရဲဘော်၏ ပေးဆပ်မှုသည် ကျွန်ုပ်တို့ M.N.R.F တစ်ဖွဲလုံးတင်မက တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ရင်ထဲတွင် နွေဦးတော်လှန်ရေး၏ သူရဲကောင်း အဖြစ် အမြဲကမ္မည်းထိုး မှတ်ကျောက်တင်ထားပြီး ဖြစ်သည်။ ရဲဘော်၏ ပေးဆပ်မူ့ကို အလကား မဖြစ်စေရဟု ကျွန်ုပ်တို့ အဖွဲ့သားများမှ ရဲဘော် အီးဇီး နှင့် ပြည်သူလူထု တစ်ရပ်လုံးအား မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုပါသည်။ ရဲဘော်ကြိုက်တဲ့ Minn Thwin ရဲ့စာသားလေး Gun တစ်လက် Campaign တွေထက် ယမ်းGame တွေ ကစားချင်တယ် အရှေ့တောင်အာရှမှာ အသေခံဗုံးခွဲသူဟာ အညာသားတွေ ဖြစ်ကြောင်း ကမ္ဘာကြီးကို သတင်းစကားပါးချင်တယ်။ ကဗျာထဲက စာသားလေးအတိုင်ပါပဲ ကျွန်ုပ်တို့ M.N.R.F ရဲဘော်တွေ မောင်းပြန် တစ်လက်မှ မကိုင်နိုင်ပါဘူး မောင်းပြန် Campaign ဘာညာတွေလဲ တစ်ခါမှ မလုပ်ဖူးပါဘူး လက်လုပ်သေနတ်နဲ့ ယမ်းGame ကစားရင်း ( မိုင်းဆွဲတိုက်ခိုက်ရင်း) မပေးသင့်သည့် တန်ဖိုးရှိလှသည့် အသက်တစ်ချောင်း နိုင်ငံ၏ အနာဂတ် ပညာတက်လူငယ် ဆယ်တန်း ဂုဏ်ထူး(၂)ဘာသာ ဖြင့် အောင်ပြီးသား သူ၏ ရည်မှန်းချက်တွေကို မေ့ထားပြီး တိုင်းပြည်နှင့် ပြည်သူများ အတွက် လက်လုပ်သေနတ်ကိုင် တော်လှန်ရေးလုပ်ရင်း (၁၉)နှစ် အရွယ် လူငယ်ရဲဘော်လေး အီးဇီး တိုင်းပြည်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ကဗျာဆရာ မိုးအိမ်သစ်ရဲ့ ကဗျာစာသားလေး အတိုင်းပေါ့ "ရေပေါ်ဆီကလေးတွေ အောင်ပွဲခံဖို့ အခြေခံ လူတန်းစားတွေ သေပေးနေရတာကို တော်လှန်ရေးလို့ ခေါ်ပါတယ်" လို့ Moe Nyo Revolution Force M.N.R.F က ဖော်ပြပါတယ်။

MNRF တပ်ဖွဲ့ဟာ စစ်ကိုင်း - မုံရွာလမ်းတလျှောက် စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ်ကားတွေနဲ့ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိုးညို #MNRF #ရဲဘော်အီးဇီး #ကျဆုံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ