မြင်းမူရဲစခန်းထဲကို လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်း၊ စကစ အနည်းဆုံး တစ်ယောက်သေ၊

မြင်းမူရဲစခန်းထဲကို လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်း၊ စကစ အနည်းဆုံး တစ်ယောက်သေ၊

MFP၊ စက်တင်ဘာ - ၃

စစ်ကိုင်းတိုင်း မြင်းမူမြို့က မြို့မရဲစခန်းထဲကို ဒီမနက်ပိုင်း လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းပြီး အနီးကပ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ တစ်ယောက် သေပြီး သုံးယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၃)ရက် မနက်(၁၁)နာရီခွဲကျော်က မြင်းခြံ Zero ပြောက်ကျား တပ်နှင့် True Fighter အဖွဲ့တို့ ပူးပေါင်းပြီး မြင်းမူရဲစခန်းထဲ အနီးကပ် သွားရောက်ကာ လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်သွင်း တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရဲစခန်းထဲ ရှိနေတဲ့ စစ်ကောင်စီ လက်နက်ကိုင် ငါးယောက်အနက် တစ်ယောက်က နေရာတင် သေဆုံးကာ ကျန်သုံးယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

"ကျနော်တို ဂျာမနီထုတ် အသီးနဲ့ ဝသီးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာပေါ့။ ဂျာမနီအသီး ဖြစ်တဲ့ နာနတ်သီး အကြီးကတော့ သူတို့ ငါးယောက်ဘေးမှာ ထိထိရောက်ရောက် ကျသွားတယ်။ အဲဒီမှာ တစ်ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သွားတယ်ပေါ့။ ဆုံးသွားတဲ့သူက ရခလား စခလား အဲဒါတော့ ကျနော်တို သေချာ မပြောနိုင်သေးဘူး" လို့ မြင်းခြံ Zero ပြောက်ကျားတပ်က တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းထဲက စစ်အုပ်စုက လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတာကြောင့် ရဲဘော်တွေ ပြန်လည်ဆုတ်ခွာရာမှာ ဆိုင်ကယ်လဲကျပြီး ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပေမယ့် ကျည်ထိမှန်တာ မရှိဘဲ အောင်မြင်ခဲ့တယ်လို့ အဲဒီရဲဘော်က ရှင်းပြပါတယ်။

မြင်းမူရဲစခန်း ဗုံးထု တိုက်ခိုက်ခံရပြီးချိန်ကနေ ယခု ညနေ(၅)နာရီကျော်အထိ စစ်အုပ်စုက ရဲစခန်းရှေ့က လမ်းတွေကို ပိတ်ဆို့ကာ အများပြည်သူ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ ရန်ပြု သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် (၂၆)ရက်ကလည်း စစ်ကောင်စီ သစ္စာခံတွေ ရှိနေတဲ့ မြင်းမူမြို့ပေါ်က မြို့နယ် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ရမ်းကားပစ်ခတ်ခဲ့ရာ ထွေအုပ်ရုံးနဲ့ မျက်နှာချင်းဆိုင် တ.စ.ည ပါတီရုံးရှေ့မှာ ရှိနေတဲ့ အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #ရဲစခန်း #ZERO 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ