မြောင်နယ်မှာ ဖက်ဆစ်တပ်က နေ့ဘက် မထွက်ဘဲ ညအချိန်တွေ ဝင်မွှေသောင်းကျန်းလို့ ပြည်သူတွေ မအိပ်ရဲဘဲ စစ်ပြေးနေရ၊

မြောင်နယ်မှာ ဖက်ဆစ်တပ်က နေ့ဘက် မထွက်ဘဲ ညအချိန်တွေ ဝင်မွှေသောင်းကျန်းလို့ ပြည်သူတွေ မအိပ်ရဲဘဲ စစ်ပြေးနေရ၊

MFP ၊ စက်တင်ဘာ - ၂၄

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ နေ့ခင်းဘက်မှာသာမက ညအချိန်တွေမှာပါ ကျေးရွာတွေထဲ စီးနင်းဝင်ရောက် လုယက်နေလို့ ပြည်သူတွေ ညတိုင်း စစ်ပြေးနေရတယ်လို့ မြောင်ဒေသခံတွေက ပြောပါတယ်။

မြောင်နယ် တောင်ပိုင်း ကျောက်ရစ်ရွာဘက်မှာ တစ်ဖွဲ့၊ မြောင်နယ် မြောက်ပိုင်းက လက်ယက်မ၊ နဘက် စတဲ့ ရွာတွေဘက်မှာ တစ်ဖွဲ့၊ နှစ်ဖွဲ့ခွဲပြီး သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ(၂၃)ရက် မနေ့က ည(၉)နာရီကျော်မှာ ကျောက်ရစ်စခန်းထဲက ထွက်လာကာ ဇီးကျွန်း၊ ခေါင်းခွဲစတဲ့ ရွာတွေထဲ ဝင်မွှေ ဓားပြတိုက် သောင်းကျန်းနေလို့ အဲ့ဒီ ကျေးရွာနှစ်ရွာအပြင် သရက်သာ၊ မြစ်ဆုံ၊ ပေါက်ချောင်းစတဲ့ အနီးအနား ရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ ညသန်းခေါင်အထိ စစ်ပြေးနေရတယ်လို့ မြောင်ဒေသခံတွေက ဆိုပါတယ်။

ဖက်ဆစ်တပ်က ကျေးရွာတွေထဲ ဝင်မွှေ ဓားပြတိုက် သောင်းကျန်းနေသလို လေယာဉ်တွေပါ ဝဲပျံနေတာကြောင့် ပြည်သူတွေ ညမအိပ်ဝံ့ဘဲ ကြောက်လန့်တကြား ထွက်ပြေးနေရတာလို့ မြောင် PDF CDSOM တပ်ဖွဲ့က ကိုနွေဦး က ပြောပါတယ်။

စစ်အုပ်စုဟာ နေ့မထွက်ဘဲ ညဘက်တွေမှာ ရွာစဉ်ပတ်မွှေပြီး သောင်းကျန်း သတ်-ဖြတ် နေတာကြောင့် ဒေသခံ ပြည်သူတွေ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရဘဲ စစ်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာ(၂၁)ရက် ညသန်းခေါင်မှာ မြောင်နယ် နဘက်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းတဲ့ စစ်အုပ်စုဟာ မြောင်နယ် ဗိုလ်တောက်ထွန်း - MBTT တပ်ဖွဲ့က ရဲဘော်တစ်ဦးကို သေနတ်နဲ့ ငါးချက်အထိ ပစ်ခတ် သတ်ဖြတ်ခဲ့သလို ဘူးကိုင်းရွာကနေ နဘက်ရွာထဲ ဈေးဝယ်လာတဲ့ ဒေသခံပြည်သူတစ်ဦးကိုလည်း လမ်းပေါ်မှာတင် သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နဘက်ရွာထဲမှာ အမည်မသိရသေးတဲ့ အလောင်းတစ်လောင်း ရှိနေသလို စစ်ပြေးနေတဲ့ ဒေသခံပြည်သူ ခြောက်ဦးကို ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သလို စစ်ပြေး မိသားစုတစ်စုရဲ့ ငွေကျပ်သိန်း (၁၀၀)ကိုလည်း မိုက်ကြေးခွဲ လုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက်ပိုင်းအထိ စစ်အုပ်စုက နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ ဓားပြတိုက် လုယက် သောင်းကျန်းနေဆဲမို့ နဘက်၊ လက်ယက်မ စတဲ့ ရွာတွေနှင့် မြောက်နယ် တောင်ပိုင်းက သရက်သာ၊ ဇီးကျွန်း၊ ခေါင်းခွဲ၊ မြစ်ဆုံ၊ ပေါက်ချောင်းစတဲ့ ရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

မြောင်မြို့နယ်ထဲ စစ်အုပ်စုက ညအချိန် ဝင်မွှေလုယက် သောင်းကျန်း သ-တ်-ဖြတ်နေလို့ မြောင်နယ်တောင်ပိုင်း ကျေးရွာတွေက ဒေသခံပြည်သူတွေ ညသန်းခေါင် ထွက်ပြေးနေရစဉ်/Photo – ကိုနွေဦး - မြောင်

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #ပြည်သူ #စစ်ပြေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ