မတ္တရာမှာ စစ်အုပ်စုက အသက်မပြည့်သေးသူ အပါအဝင် မိန်းကလေးငယ် နှစ်ဦးကို မဖွယ်မရာ ပြုကျင့်၊

မတ္တရာမှာ စစ်အုပ်စုက အသက်မပြည့်သေးသူ အပါအဝင် မိန်းကလေးငယ် နှစ်ဦးကို မဖွယ်မရာ ပြုကျင့်၊

MFP ၊ နိုဝင်ဘာ - ၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုက အသက်မပြည့်သေးသူ အပါအဝင် ဒေသခံ မိန်းကလေးငယ်နှစ်ဦးကို လက်နက်ပြ ခြိမ်းခြောက်ပြီး မဖွယ်မရာ ပြုကျင့်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ္တရာနယ် အရှေ့ခြမ်း ဇီးဖြူကုန်းရွာထဲ စီးနင်းအထိုင်ချပြီး ဒေသတွင်း ထင်တိုင်းကျဲ လုယက်၊ သတ်ဖြတ်၊ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ နိုဝင်ဘာ(၂)ရက်က ခိုးရာပါ ပစ္စည်းတွေနှင့်အတူ ပြန်ဆုတ်ခွာရာမှာ လမ်းမှာတွေ့တဲ့ ဒေသခံ အမျိုးသမီးငယ်နှစ်ဦးကို လက်နက်ပြ ခြိမ်းခြောက်ပြီး မဖွယ်မရာ ပြုကျင့်တာလို့ ဆိုပါတယ်။

"ပြန်ဆုတ်လာတဲ့အဖွဲ့က ကောင်မလေးနှစ်ယောက်ကို မဖွယ်မရာ လုပ်တာတဲ့။ မုဒိမ်းကျင့်တဲ့အဆင့်ထိတော့ မဟုတ်ဘူးလို့ ပြောတယ်။ သူတို့ထဲက ကင်းပတ်လာတာပေါ့။ စစ်သားတစ်ယောက်က နေပြီးတော့ နမ်းခိုင်းတာတို့၊ ဟိုကိုင်ဒီကိုင် လျှောက်ကိုင်တာပေါ့ဗျာ"လို့ နီးစပ်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ လက်နက်ပြ ခြိမ်းခြောက်ပြီး မဖွယ်မရာ ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်နှစ်ဦးအနက် တစ်ဦးက အသက်မပြည့်သေးဘဲ နောက်တစ်ဦးကတော့ အသက်(၂၀)ကျော် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃) လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပြီး စစ်အုပ်စု တပ်မ(၃၃)ဟာ အယုတ်မာ အကောက်ကျစ်ဆုံးတွေ စုဝေးနေတာမို့ ပြည်သူတွေ သတိထားကြဖို့ စစ်ကိုင်းတိုင်းက တော်လှန်ရေး အင်အားစုတွေက သတိပေးချက် ထုတ်ပြန်ဖူးပါတယ်။

စစ်အုပ်စုဟာ လွန်ခဲ့တဲ့ လကတည်းက မတ္တရာနယ် အရှေ့ခြမ်းက ရွာတွေထဲ အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး အောက်တိုဘာလအတွင်း မတ္တရာနယ်က ဒေသခံပြည်သူ ငါးဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို နေအိမ်(၁၅)လုံး ထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် မတ္တရာနယ်ထဲ စစ်အုပ်စုရဲ့ အဓမ္မပြုကျင့်ခံရတဲ့ ဒေသခံပြည်သူ အမျိုးသမီးတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကာယကံရှင်တွေက ကြောက်ရွံ့တာရော၊ ရှက်ရွံ့တာရောကြောင့် ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတဝန်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လုယက် သတ်ဖြတ် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း စစ်ကိုင်းတိုင်း ကလေး၊ ကနီနှင့် တန့်ဆည်စတဲ့ ဒေသတွေက အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

စစ်အုပ်စု ရန်ကြောင့် မတ္တရာနယ်က ပြည်သူတွေ စစ်ပြေးနေရစဉ်/Photo - ပေးပို့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #အမျိုးသမီး #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ