MFP ၊ သြဂုတ် - ၅
စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်နှင့် ကလေးမြို့ တောင်ဘက် ကမ်းပါးနီ တံတားထိပ်မှာ ဒီနေ့ မနက်ပိုင်း အကြမ်းဖက် စစ်အုပ်စုကို နှစ်ကြိမ် မိုင်းဆွဲခဲ့ရာ စကစ (၂၀)ခန့် သေပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိကာ ကမ်းပါးနီ တံတားထိပ် မိုင်းထိသေနေတဲ့ စကစတွေကို ရဟတ်ယာဉ်နဲ့ အလောင်း လာကောက်သွားတယ်လို့ People's Defence Force (Kalay) – PDF (Kalay) က ဖော်ပြပါတယ်။
ဒီနေ့ သြဂုတ်(၅)ရက် မနက်(၉)နာရီက ကလေးမြို့၊ တာဟန်းရပ်ကွက် ကျန်စစ်သားလမ်းကနေ တောင်ဖီလာ ဝန်ထမ်းအိမ်ယာဘက် မောင်းလာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီးကို တောင်ဖီလာလမ်းနှင့် ဝန်ထမ်းအိမ်ယာ လမ်းထောင့်အရောက် PDF (Kalay) တပ်ဖွဲဝင်တွေက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် ပွဲချင်းပြီး သေပြီး ဒဏ်ရာရတဲ့ လေးယောက်လည်း ဆေးရုံပို့ချိန် သေတယ်လို့ PDF (Kalay) က ဖော်ပြပါတယ်။
“မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲများသည် အနီးပတ်ဝန်းကျင်သို့ ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့စဉ် ပြည်သူ တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်” လို့ PDF (Kalay) က ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ ကလေးမြိုနယ် တောင်ပိုင်း ကမ်းပါးနီတံတားမှာ အထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စု အင်အား (၃၀)လောက် မြောင်းချောင်းတံတားဘက် ခြေလျှင်တက်လာပြီး မိုင်းရှင်းနေချိန် PDF (Kalay) မိုင်းတပ်ဖွဲက ဆက်တိုက် မိုင်းဖောက်ခွဲခဲ့ရာ စကစ (၁၀)ယောက်ခန့် သေပြီး (၁၀)ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
“နံနက်(၁၀)နာရီခွဲခန့်တွင် ကမ်းပါးနီ တံတားအနီးသို စစ်ရဟတ်ယာဉ် တစ်စီး ဆင်းသက်လာခဲ့ပြီး မိုင်း ထိမှန် သေဆုံးသော အလောင်းများနှင့် ဒဏ်ရာရရှိသူများကို လာရောက် သယ်ထုတ်သွားခဲ့ကြောင်း သိရပါသည်” လို့ PDF (Kalay) က ဖော်ပြပါတယ်။
ကလေးမြိုနယ်တောင်ပိုင်း နည်းပညာတက္ကသိုလ်ရဲက တောင်ဘက် သာယာကုန်းရွာထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဒီနေ့ မနက်မှာလည်း သာယာကုန်းရွာထဲက နေအိမ်တွေကို ဆက်လက် မီးရှိဖျက်ဆီးနေပြီး ဒေသခံပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့သလို ပြည်သူ (၃၀)ခန့်ကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ မနက်က ကလေး - တမူးလမ်းပေါ် မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ညနေပိုင်းမှာ ကလေးမြိုနယ် မြောက်ပိုင်း ရာဇဂြိုဟ်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး နေအိမ်တချို့ကို မီးရှိဖျက်ဆီးနေသလို ဒေသခံပြည်သူ တစ်ဦးကိုလည်း ပစ်ခတ်သ-တ်-ဖြတ်ခဲ့တယ်လို့ PDF (Kalay) က ထုတ်ပြန်ပါတယ်။
ကလေးမြို့နယ်ထဲမှာ သြဂုတ်(၂)ရက်က စတင်ပြီး အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားလျှက် ရှိကာ သုံးရက်တာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က (၃၀)ကျော် သေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကလေးနယ်ထဲ စစ်အုပ်စုနှင့် ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ PDF Kalay တပ်ရင်း (၁)၊ (၂)၊ (၅)၊ (၆)နှင့် CNDF ၊ CDF(KKG)၊ KRDF စတဲ့ ပူးပေါင်းတပ်တွေ ပါဝင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကလေးနယ်ထဲ တိုက်ပွဲ ပြင်းထန်နေသလို စစ်အုပ်စု သောင်းကျန်းနေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ကားလမ်းတွေမှာ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့နဲ့ စစ်အုပ်စုနဲ့ ဝေးဝေးမှာနေကြဖို့ PDF (Kalay) က မေတ္တာရပ်ခံ သတိပေးထားပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ PDF (Kalay) တပ်ဖွဲ့ဝင် ပြည်သူ့ ရဲဘော်တွေ/Photo – PDF (Kalay) တပ်ရင်း(၅)
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #PDF #တိုက်ပွဲ #ကျည်ဆံ
ကလေးမြို့ပေါ်နှင့် ကမ်းပါးနီတံတားမှာ မိုင်းခွဲရာ စကစ(၂၀)ခန့် သေပြီး အလောင်းတွေ ရဟတ်ယာဉ်နဲ့ လာကောက်၊ ကလေးနယ်ထဲ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်အုပ်စုက ပြည်သူ လေးဦးကို သ-တ်ကာ (၃၀)ခန့် ဖမ်းထား၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024