ပြည်ခွန်သပိတ် ဆရာတော် သီတင်းသုံးတဲ့ ကျောင်းကို စစ်အုပ်စုက အင်အားအများအပြားနဲ့ စီးနင်းသောင်းကျန်း၊

ပြည်ခွန်သပိတ် ဆရာတော် သီတင်းသုံးတဲ့ ကျောင်းကို စစ်အုပ်စုက အင်အားအများအပြားနဲ့ စီးနင်းသောင်းကျန်း၊

MFP ၊ အောက်တိုဘာ - ၁၆

စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်ခွန်သပိတ် ဦးဆောင် ဆရာတော် အရှင်အဂ္ဂဝံသ သီတင်းသုံးတဲ့ကျောင်းကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညပိုင်း အင်အားအများအပြားနဲ့ စီးနင်းဝင်မွှေ သောင်းကျန်းခဲ့တယ်လို့ ပြည်ကြီးတံခွန် သပိတ် အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မနေ့ အောက်တိုဘာ (၁၅) ရက် ည (၉)နာရီခွဲမှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၅၁) လမ်း၊ (၁၂၉) လမ်းနဲ့ လမ်း (၁၃၀) ကြားက စိတ္တသုခ ပတ္တမြားကျောင်းတိုက်ကို စစ်အုပ်စုက အိမ်စီးကား ရှစ်စီး၊ အရပ်ဝတ်လက်နက်ကိုင်တွေနဲ့ စီးနင်းဝင်မွှေ သောင်းကျန်းပြီး ဆရာတော်အား ရှာဖွေခဲ့တာ ဖြစ်တယ်လို့ ပြည်ကြီးတံခွန်သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

” စခများ စီးသောကား ရှစ်စီးကို စခများ ကိုးကွယ်ရာဘုန်းကြီးကျောင်းဖြစ်သော ရွှေလှေကျောင်း၌ ကားများရပ်၍ စိတ္တသုခကျောင်း၊ သရက်ပင်ကျောင်းများကို ရှာဖွေသွားတာပါ၊ ဆရာတော် ဘေးကင်းပါတယ်ခင်ဗျ “ လို့ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ကျောင်းတိုက်အတွင်း စီးနင်းဝင်မွှေ သောင်းကျန်းချိန် ကျောင်းတိုက်အတွင်း တွေ့ရတဲ့ လူငယ်နှစ်ဦးကိုလည်း ဒူးထောက်ခိုင်းကာ ရိုက်နှက် နှိပ်စက်တဲ့အပြင် ကပ်ကြေးနဲ့ပါ ထိုးသွားတဲ့အတွက် တစ်ယောက် ဆေးရုံတင်ထားရတယ်လို့ ပြည်ကြီးတံခွန်သပိတ်အင်အားစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ကြီးတံခွန် သပိတ်ဆရာတော် ယခင်က သီတင်းသုံးခဲ့တဲ့ စိတ္တသုခ ပတ္တမြားကျောင်းတိုက်ကို ပြီးခဲ့တဲ့နှစ်ကစလို့ စစ်အုပ်စုက မကြာခဏ စီးနင်းသောင်းကျန်းနေပြီး မနေ့က စီးနင်းမှုအပါအဝင် သုံးကြိမ်ရှိပြီလို့ ဆိုပါတယ်။

ပြည်/ခွန်သပိတ်ဟာ စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဥ်မပျက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေတာ ရက်ပေါင်း (၅၄၀) ကျော်ပြီ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က သံဃာတွေ သီတင်းသုံးတဲ့ မစိုးရိမ် နှင့် မြတောင် အပါအဝင် ကျောင်းတိုက်ကြီးတွေကို စီးနင်းသောင်းကျန်းတာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန်ဆရာတော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ