မန္တလေးမြို့သစ်ထဲက ငါးဂိမ်းဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦ ပျက်စီး၊ ဒီမနက်မှာ မိုင်းတစ်လုံးထပ်တွေ့လို့ စစ်အုပ်စုကလာခွဲ၊ အုတ်တံတိုင်း ပြိုကျ

မန္တလေးမြို့သစ်ထဲက ငါးဂိမ်းဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦ ပျက်စီး၊ ဒီမနက်မှာ မိုင်းတစ်လုံးထပ်တွေ့လို့ စစ်အုပ်စုကလာခွဲ၊ အုတ်တံတိုင်း ပြိုကျ

MFP ၊ စက်တင်ဘာ - ၁

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ ၁၃၃ လမ်း(စံပြလမ်း)နဲ့ ၆၃(A)လမ်းထောင့်မှာရှိတဲ့ ငါးဂိမ်းဆိုင်ကို မနေ့ ဩဂုတ်လ (၃၁)ရက် ည (၈)နာရီလောက်မှာ ရီမုဒ်မိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး နေအိမ်အဆောက်အဦ ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

လူထိခိုက်တာမရှိဘူးလို့လည်း ဆိုပါတယ်။

အဲဒီမိုင်းပေါက်ကွဲချိန်မှာ အသံအကျယ်ကြီး ကြားခဲ့ကြရပြီး အနီးနားက နေအိမ်တွေမှာ တုန်ခါမှုကိုပါ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီဂိမ်းဆိုင်ဟာ စစ်အုပ်စုဘက်က ဝင်ထွက်သွားလာနေတာဖြစ်ပြီး ဘာကြောင့်ဖောက်ခွဲခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီမနက် (၆)နာရီခွဲမှာလည်း အဲဒီဂိမ်းဆိုင်ဝန်းကျင်မှာ စစ်အုပ်စုဘက်က မိုင်းရှင်းလင်းရေးတွေ လာရောက်လုပ်ဆောင်ခဲ့ပြီး မနေ့ညက ပေါက်ကွဲခဲ့တဲ့နေရာအနီးမှာပဲ ရီမုဒ်လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီမိုင်းကို စစ်အုပ်စုက ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အနီးက အုတ်တံတိုင်းပြိုကျပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်ထဲက ကားဘော်ဒီလုပ်ကိုင်သူတစ်ဦးရဲ့ နေအိမ်ရှေ့မှာလည်း ည(၈)နာရီခန့်က မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံး တွေ့ခဲ့ရပြီး စစ်အုပ်စုဘက်က လာရောက်ဖောက်ခွဲသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #ဂိမ်းဆိုင် #လက်လုပ်မိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ