ကလေးဝ မစိန်ရွာရဲစခန်းကို စခန်းသိမ်းတိုက်ခိုက်၊ စကစ ခုနှစ်ယောက် သေပြီး လက်နက်တွေ သိမ်းဆည်း ရရှိ၊

ကလေးဝ မစိန်ရွာရဲစခန်းကို စခန်းသိမ်းတိုက်ခိုက်၊ စကစ ခုနှစ်ယောက် သေပြီး လက်နက်တွေ သိမ်းဆည်း ရရှိ၊

MFP ၊ စက်တင်ဘာ - ၂၀

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် မစိန်ရွာ နယ်မြေရဲစခန်းကို စက်တင်ဘာ(၁၈)ရက် မနက် (၆)နာရီက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သစ္စာခံ ရဲ ခုနှစ်ယောက် သေပြီး သေနတ် ခုနှစ်လက် အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ကလေး၀ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - People's Defence Force – Kalewa က သတင်း ထုတ်ပြန်ပါတယ်။

ကလေးဝမြို့နယ်၊ မစိန်ကျေးရွာ နယ်မြေရဲစခန်းကို ကလေး၀ PDF တပ်ရင်း တပ်ဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ယောက် သေပြီး တချို့က ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားခဲ့ကြောင်းနှင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေး၀ PDF က ဆိုပါတယ်။

“မစိန်ကျေးရွာ နယ်မြေရဲစခန်းအား အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်မှုတွင် PDF - Kalewa တပ်ဖွဲ့ဝင်များမှ အကြမ်းဖက် စစ်ကောင်စီ၏ နယ်မြေ ရဲစခန်းအား စီးနင်းသိမ်းပိုက် နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးခဲ့ကာ ( သေဆုံးမှုများ ထပ်မံရှိနိုင်ပြီး ရဲအချို့မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာဖြင့် ထွက်ပြေး သွားခဲ့ကြပါသည်)။ မိမိတို့ PDF တပ်ဖွဲ့ဝင်များ ဘက်မှ အထိအခိုက် အကျအဆုံး မရှိခဲ့ဘဲ စခန်းအား မီးရှို့ဖျက်ဆီး၍ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ ကလေးသ PDF က ဖော်ပြပါတယ်။

အဲ့ဒီ စခန်းသိမ်းတိုက်ပွဲအပြီး စကစတွေထံကနေ (G-3) သေနတ် ငါးလက်၊ Uzi -အူဇီ သေနတ် နှစ်လက်၊ (M-79) လောင်ချာ တစ်လက်၊ လက်ပစ်မိုင်း သုံးလုံး၊ (7.62)ကျည် (၂၉၇)တောင့်၊ Uzi ကျည် (၁၄၉)တောင့်၊ 125ဆိုင်ကယ် လေးစီး၊ ဆက်သွယ်ရေးအထိုင်စက် နှစ်လုံး၊ ဆက်သွယ်ရေးစကားပြောစက် သုံးလုံး၊ ဖုန်း (၁၀)လုံး၊ Power bank တစ်လုံး၊ Laptop တစ်လုံး၊ ပိုက်ဆံအိတ် နှစ်လုံး၊ ပိုက်ဆံ (၁၃၀၀၀)ကျပ်၊ လက်ထိပ် နှစ်ခု၊ ရွှေဆွဲကြိုး တစ်ကုံး၊ ကျောပိုးအိတ် တစ်လုံး၊ ဘေးလွယ်အိတ် သုံးလုံး၊ ဓား တစ်ချောင်း၊ Equipment တစ်ခုတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဒေသခံပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းရကြောင်းနှင့် ကျန်ရစ်သူ မိသားစုကို တောင်းပန်ပါကြောင်းလည်း ကလေး၀ PDF က ဖော်ပြပါတယ်။

ကလေးဝမြို့နယ် မစိန်ရွာ ရဲစခန်းဟာ ချင်းတွင်းမြစ်ဘေးမှာ တည်ရှိပြီး ရေကြောင်းကနေ သွားလာနေတဲ့ ခရီးသွားတွေနှင့် ဒေသခံတွေကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေလေ့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကလေးဝမြို့နယ် မစိန်ရွာ ရဲစခန်း စခန်းသိမ်းတိုက်ပွဲအပြီး သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနှင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo - ကလေး၀ PDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေး၀ #မစိန်ရွာရဲစခန်း #PDF_Kalewa

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ