နွားထိုးကြီးမြို့ပေါ်က လ္ဘက်ရည်ဆိုင်ကို စကစ ပျူတွေက စီးနင်းဝင်မွှေပြီး ဆိုင်ရှင်ကို မတွေ့လို့ အဖျော်ဆရာနဲ့ အကြော်ဆရာကို ဖမ်းဆီး သတ်ဖြတ်၊ မြင်းခြံက ပျူတွေ နွားထိုးကြီးမြို့ပေါ် အထိ လာရောက် သောင်းကျန်းတာဟုဆို၊

နွားထိုးကြီးမြို့ပေါ်က လ္ဘက်ရည်ဆိုင်ကို စကစ ပျူတွေက စီးနင်းဝင်မွှေပြီး ဆိုင်ရှင်ကို မတွေ့လို့ အဖျော်ဆရာနဲ့ အကြော်ဆရာကို ဖမ်းဆီး သတ်ဖြတ်၊ မြင်းခြံက ပျူတွေ နွားထိုးကြီးမြို့ပေါ် အထိ လာရောက် သောင်းကျန်းတာဟုဆို၊

MFP ၊ နိုဝင်ဘာ - ၁၃

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်က လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို မနေ့က ညပိုင်း စစ်အုပ်စုနှင့် ပျူတွေ စီးနင်းဝင်မွှေပြီး ဆိုင်ရှင်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာ ဆိုင်ရှင်မတွေ့တဲ့အတွက် ဆိုင်အလုပ်သမား နှစ်ဦးဖြစ်တဲ့ လက်ဘက်ရည် အဖျော်ဆရာနဲ့ မုန့်အကြော်ဆရာတို့ကို ဖမ်းခေါ်သွားပြီး သတ်ဖြတ် အလောင်းစွန့်ပစ် ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြင်းခြံမြို့က စစ်ကောင်စီ လက်ပါးစေ သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့က နွားထိုးကြီးမြို့ပေါ် သွားရောက် သောင်းကျန်း သတ်ဖြတ်တာလို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီနှင့် နွားထိုးကြီး သတင်းတို့က ဆိုပါတယ်။

“မနေ့ညက မြင်းခြံပျူစောထီး အဖွဲ့ခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ နွားထိုးကြီး မြို့ပေါ်ရှိ နေအိမ်တစ်လုံးအား မီးရှိုခဲ့ပြီးနောက် ပန်းကံ့ကော် လက်ဖက်ရည်သို့ ဝင်ရောက်ကာ ဆိုင်ပိုင်ရှင်ကို ရှာဖွေ။ ပိုင်ရှင်အား မတွေ့၍ ဟုဆိုကာ ဆိုင်အလုပ်သမား နှစ်ဦးဖြစ်သည့် အဖျော်ဆရာ နဲ့ အကြော်ဆရာတို့အား ဖမ်းဆီး ခေါ်ဆောင်သွားပြီး နွားထိုးကြီးမြို့ အနောက်ဘက်ရှိ တာတိုင်ကုန်းမှာ ပစ်သတ်ပြီးထားခဲ့ဟု သိရပါတယ်” လို့ နွားထိုးကြီး သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီ လက်သပ်မွေးထားတဲ့ မြင်းခြံက သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့တွေဟာ နိုဝင်ဘာ(၁၁)ရက် ညပိုင်းကတည်းက နွားထိုးကြီးမြို့ပေါ် ရောက်နေတာလို့ ဆိုပါတယ်။

မြင်းခြံနယ်တကြော စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး သွေးသောက်အဖွဲ့ အမည်ခံကာ စစ်အုပ်စုက ခိုင်းသမျှ ပြည်သူကို ဖမ်းဆီး သတ်ဖြတ်နေသလို စစ်အုပ်စုအတွက် လုယက်ဓားပြတိုက် ဆက်ကြေးကောက်ပေးတာ၊ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်တာ အပြင် ငွေကြေးတတ်နိုင်သူတွေက အကြွေးတောင်းခိုင်းတာ၊ လူသတ်ခိုင်းတာတွေကိုလည်း အခကြေးငွေယူပြီး လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်က လက်ဘက်ရည်ဆိုင် စီးနင်းလုယက်ခံရပြီး ဆိုင်အလုပ်သမားနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်အုပ်စုနဲ့ ပျူတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ(၃)ရက်ကလည်း နွားထိုးကြီးမြို့ပေါ်က NLD ပါတီဝင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ နွားထိုးကြီးနယ် ဆူးဖြူကန်ရွာက အမျိုးသားတစ်ဦးကိုလည်း နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းခေါ်သွားပြီး ဦးခေါင်းတေ့ ပစ်သတ်ကာ အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့ပါသေးတယ်။

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်နယ်မှာ စစ်အုပ်စုနဲ့ ပျူတွေက ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာတေံ ဆက်တိုက် လုပ်ဆောင်နေပြီး သွေးသောက်အဖွဲ့က ထပ်မံပြီး သတ်ဖြတ်ဦးမှာမို့ NLD ပါတီဝင်တွေ သတိထားကြဖို့ဆိုပြီး စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။

စစ်ကောင်စီ လက်ပါးစေ ပျူစောထီးတွေရဒ့ ဖမ်းဆီးသတ်ဖြတ်တာ ခံလိုက်ရတဲ့ လူငယ်နှစ်ဦး /Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြင်းခြံ #နွားထိုးကြီး #ပျူ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ