MFP ၊ စက်တင်ဘာ - ၁၇
မန္တလေးမြို့ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ထဲက နေအိမ်တစ်လုံးကို စစ်အုပ်စုနှင့် ပျူတွေ မနေ့က မနက်ပိုင်းမှာ စီးနင်းဝင်မွှေ လုယက်ပြီး အိမ်မှာ ရှိနေတဲ့ လူငယ်သုံးဦးကို ဆဲဆို ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ နီးစပ်ရာ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ(၁၆)ရက် မနက်(၁၀)နာရီကျော်မှာ စစ်အုပ်စုနှင့် ပျူတွေက အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ ထန်းတစ်ပင်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို ဝင်မွှေလုယက်တာ ဖြစ်ပြီး အိမ်ထဲမှာ ရှိနေတဲ့ အသက်(၂၀)ကျော်အရွယ် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆဲဆိုရိုက်နှက်ပြီး ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
“စစ်ခွေးတွေနဲ့ ပျူတွေက ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်လိုက်တယ်တဲ့။ ပြီးတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေကိုလည်း အပြင်မထွက်ဖို့ကို ခြိမ်းခြောက်ထားပါတယ်။ အပြင်ဘက်ထွက်ကြည့်တဲ့ သူတွေကိုလည်း ပစ်မယ်ဆိုပြီး ပြောပါတယ်။ လမ်းကြားထဲက အိမ်တစ်အိမ်ကို ဝင်ပြီး ယောက်ကျားလေးနစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ရိုက်နှက်ပြီးတော့ ဖမ်းသွားတယ်။ အိမ်ကိုလည်း ချိတ်ပိတ်သွားတယ်တဲ့” လို့ နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ လူငယ်တွေ လက်ထဲကနေ ပစ္စတို နစ်လက်နဲ့ ဘေးလွယ်အိတ်အသေးနှင့် အပြည့် ကျည်ဆံတွေ ဖမ်းမိတယ်လို့ စစ်အုပ်စုက ရပ်ကွက်ထဲ သတင်းလွှင့်ကာ လူငယ် သုံးဦးကို ဆဲဆို ရိုက်နှက်ပြီး ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးပေမယ့် စစ်အုပ်စုဟာ မနေ့ညကလည်း အဲ့ဒီ ရပ်ကွက်ထဲ ဧည့်စာရင်း စစ်မယ်ဆိုလို့ သတင်းလွှင့်ခဲ့တယ်လို့ နီးစပ်ရာ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့ခံ ပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးနေပြီး ယခု စက်တင်ဘာ လဝက်အတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးခံရသူ အနည်းဆုံး (၂၀)ကျော် ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ အမရပူရမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူတွေ အပါအဝင် မန္တလေးမြို့က အုပ်ကြီးတွေနှင့် ပျူတွေကို လက်နက်တွေ ထုတ်ပေးထားပါတယ်။
အမရပူရမြို့မှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – CJ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #မှန်တန်း #လူငယ်
အမရပူရမြို့က နေအိမ်တစ်လုံးကို စစ်အုပ်စုနှင့် ပျူတွေ စီးနင်းဝင်မွှေပြီး လူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီး၊ ထွက်ကြည့်တဲ့ ပြည်သူတွေကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024