အမရပူရ ဥယျာဉ်တော် ရာအိမ်မှူးဟာ လက်နက်ရ ပျူအဖွဲ့ဝင် ဖြစ်ပြီး စစ်အုပ်စုနှင့်ပေါင်းကာ ပြည်သူကို ဒုက္ခပေးနေသူလို့ မြစ်ငယ် MN PDF ထုတ်ပြန်၊

အမရပူရ ဥယျာဉ်တော် ရာအိမ်မှူးဟာ လက်နက်ရ ပျူအဖွဲ့ဝင် ဖြစ်ပြီး စစ်အုပ်စုနှင့်ပေါင်းကာ ပြည်သူကို ဒုက္ခပေးနေသူလို့ မြစ်ငယ် MN PDF ထုတ်ပြန်၊

MFP ၊ စက်တင်ဘာ - ၉

မန္တလေးတိုင်း အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူး တင်အုန်း ခေါ် ပွကြီးစိန်ဟာ စစ်အုပ်စုက လက်နက် ထုတ်ပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်၊ ပျူသင်တန်းဆင်း တစ်ယောက် ဖြစ်ပြီး စစ်အုပ်စုနှင့် ပေါင်းကာ ပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ ရှင်းလင်းလိုက်တာလို့ မြစ်ငယ် MN PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၉)ရက် မနက်(၈)နာရီခွဲက အမရပူရမြို့နယ် ဥယျာဉ်တော်ရွာ ရာအိမ်မှူး အသက် (၆၂)နှစ်အရွယ် ဦးတင်အုန်း ဆိုသူ ရပ်ကွက် ဓမ္မာရုံမှာ ရှိနေချိန် ဆိုင်ကယ်စီး လူနှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်လို့ မျက်နှာနဲ့ နောက်စေ့မှာ သေနတ်မှန် ဒဏ်ရာတွေ ရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ရာအိမ်မှူးရဲ့ အနီးအနားမှာ ရှိနေတဲ့ အသက်(၄၀)ကျော်အရွယ် ဒေသခံ အမျိုးသမီး တစ်ဦးလည်း လက်မောင်းမှာ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျည်ဆံတွေ ဈေးကြီးနေတဲ့ကြားက ပျူအဖွဲ့ဝင် တင်အုန်း (ခ) ပွကြီးစိန်ကို ကျည်ခုနှစ်ချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းနှင့် အခြေအနေအရ လက်နက် ကောက်ယူနိုင်တာ မရှိခဲ့ဘဲ ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတဲ့အပေါ် တောင်းပန်ကြောင်း မြစ်ငယ် MN PDF က ထုတ်ပြန်ပါတယ်။

“မင်းအောင်လှိုင် အကြမ်းဖက်စစ်တပ် နှင့် ပူပေါင်း၍ စကစ စေခိုင်းသမျှ လုပ်ငန်းများကို မပျက်မကွက် တာဝန် ထမ်းဆောင်ပြီး ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခများပေးနေသော၊ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အမရပူရမြို့နယ် မြစ်ငယ်မြို့၊ ဥယျာဉ်တော်ကျေးရွာ အုပ်စု အမှတ်(၆)ရာအိမ်မှူး တင်အုန်း (ခ) ပွကြီးစိန် ပျူစောထီး သင်တန်းဆင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်ကို သု-တ်-သင် ရှင်းလင်းပြီးကြောင်း ထုတ်ပြန်ပါသည်” လို့ မြစ်ငယ် MN PDF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က ပြည်သူ့စစ်အမည်ခံ ပျူအဖွဲ့ဝင်တွေကို လက်နက်တွေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။

ယမန်နေ့ စက်တင်ဘာ(၇)ရက် ညပိုင်းကလည်း အမရပူရမြို့နယ် စားတော်ရွာက ရုရှားပြန်ဗိုလ်ကြီး မိသားစုပိုင် ယက္ကန်းရုံကို မြစ်ငယ် MN PDF အမျိုးသမီးတပ်ဖွဲ့က ဗုံးထုတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ရတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုက အမရပူရ အပါအဝင် မန္တလေးမြို့အနှံ့ ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ အကြမ်းဖက်နေပြီး အမေးအမြန်း မရှိ ပစ်ခတ် သ-တ်-ဖြတ်တာတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ စစ်အုပ်စုဝင်တွေနှင့် စစ်အုပ်စုနဲ့ ဆက်စပ်သူတွေလည်း ပစ်မှတ်ထား ပြန်လည် တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

အမရပူရမြို့နယ်ထဲက ပြည်သူ့စစ် အမည်ခံ ပျူတွေကို စစ်အုပ်စုက လက်နက် ထောက်ပံ့နေစဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #ရာအိမ်မှူး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ