မန္တလေးက ပျူတစ်ယောက် မြင်းခြံနယ်မှာ အသတ်ခံရ၊ အရက်ဆိုင်မှာ ဖဲရိုက်နေချိန် သုတ်သင်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်၊

မန္တလေးက ပျူတစ်ယောက် မြင်းခြံနယ်မှာ အသတ်ခံရ၊ အရက်ဆိုင်မှာ ဖဲရိုက်နေချိန် သုတ်သင်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်၊

MFP ၊ နိုဝင်ဘာ - ၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ စစ်ကောင်စီ လက်ပါးစေ ပျူအဖွဲ့ဝင် ဗိုလ်ကြီး ခေါ် အောင်ကိုကို ဆိုသူကို ဒီမနက်ပိုင်း မြင်းခြံနယ် ကျားတိုင်ရွာက အရက်ဆိုင်မှာ ဝိုင်းဖွဲ့အရက်သောက် ဖဲရိုက်နေချိန် သုတ်သင်ရှင်းလင်းခဲ့တယ်လို့ မြင်းခြံ Myingyan Pituhoi-9 (MP-9) တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

သုတ်သင်ရှင်းလင်းခံရတဲ့ ပျူအဖွဲ့ဝင် ဗိုလ်ကြီးခေါ် အောင်ကိုကိုဟာ မန္တလေးမြို့မှာ နေထိုင်သူဖြစ်ပြီး မြင်းခြံနယ်ထဲ လာရောက်ကာ စစ်အုပ်စုနဲ့ ပေါင်းပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ဓားပြတိုက်နေသူ ဖြစ်ကြောင်း၊ မနေ့က မြင်းခြံနယ် ကျားတိုင် ခေါ် ကျောက်တိုင်ရွာ စာသင်ကျောင်းရှေ့မှာ စစ်အုပ်စုက ပြည်သူကို ဖမ်းဆီးငွေညှစ်နေချိန် အဲ့ဒီ ပျူ အောင်ကိုကိုက သေနတ်ကိုင်ပြီး ဖမ်းမိတဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁)ရက် မနက်(၇)နာရီကျော်မှာ မြင်းခြံမြို့နယ် ကျားတိုင်ရွာထိပ်က အရက်ဆိုင်မှာ ဖဲရိုက်သောက်စားနေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"ကျားတိုင်ရွာ စာသင်ကျောင်းထဲမှာ သေနတ်ကိုင်ပြီး စခတွေနဲ့အတူ လမ်းကြောင်းလိုက်ကာ ပြည်သူတွေကို ဖမ်းဆီး၊နှိပ်စက် စစ်ကြောနေသူ၊ တပ်စွဲနေတဲ့ စခတွေက ဗိုလ်ကြီးလို့ ခေါ်နေတဲ့ အောင်ကို ဆိုသူအား အရက်ဆိုင်မှာ သောက်စားဖဲရိုက်နေစဉ် MP-9 အဖွဲ့မှ ပစ်ခတ်ခဲ့ရာ ဂန့်ခဲ့တယ်လို့ ထုတ်ပြန်" မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

ပျူ အောင်ကိုကို ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး မြင်းခြံနယ် ကျောက်တိုင်ကျေးရွာထိပ်က အရက်ဆိုင်မှာ စကားဝိုင်းဖွဲပြောနေသူတွေကို ဆိုင်ကယ်တစ်စီးနဲ့ ပီဒီအက်(ဖ်) နှစ်ဦးက လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်လို့ ကျားတိုင်ရွာကို အလည်ရောက်နေတဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြိုနယ်က ဦးအောင်ကိုကိုမှာ ကျောဘက် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

မြင်းခြံ၊ တောင်သာ၊ နွားထိုး စတဲ့ မြင်းခြံနယ်တကြော စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖမ်းဆီးငွေညှစ်၊ ဖောက်ထွင်းခိုးယူတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြင်းခြံ #ချမ်းမြသာစည် #ကျားတိုင် #MP9

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ