အမရပူရက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့ထု၊ သေနတ်နဲ့ပစ်ခံရ မိုင်းမတော်တဆဖြစ်ပြီး UG ရဲဘော်နှစ်ဦး ဒဏ်ရာရ

အမရပူရက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့ထု၊ သေနတ်နဲ့ပစ်ခံရ မိုင်းမတော်တဆဖြစ်ပြီး UG ရဲဘော်နှစ်ဦး ဒဏ်ရာရ

MFP ၊ စက်တင်ဘာ - ၅

မန္တလေးတိုင်း အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာလ (၄)ရက် မွန်းလွဲ သုံးနာရီခွဲအချိန်လောက်မှာ ဗုံးထုတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦး ရောက်လာပြီး ဗုံးထုတိုက်ခိုက်တဲ့အပြင် ပစ္စတိုနဲ့ပါ သုံးချက် ပစ်ခတ်ခဲ့တဲ့အတွက် ရုံးတံခါးမကြီးအပေါ် လေကာမှန်တစ်ချပ် ကွဲအက်ပျက်စီးသွားပြီး ဗုံးက ရုံးရှေ့ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ စစ်အုပ်စုဘက်က ဆိုပါတယ်။

ဗုံးနဲ့ထုချိန်မှာ မိုင်းမတော်တဆဖြစ်ပြီး UG ရဲဘော်နှစ်ဦးဟာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်နေပြီလို့ Truth Keeping Force - Amarapura အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

အရေးပေါ်အခြေအနေမှာ ကူညီပေးခဲ့ကြတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ နောင်မှာ ပိုမိုထိရောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်တော်လှန်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #ဆင်စွယ်ပွတ်ရပ်ကွက် #အုပ်ချုပ်ရေးမှူးရုံး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ