မုံရွာ တောပုရွာက ပြည်သူတစ်ဦးကို စစ်ကောင်စီ လက်ပါးစေ ပျူတွေက ဦးခေါင်းတေ့ ပစ်သတ်၊

မုံရွာ တောပုရွာက ပြည်သူတစ်ဦးကို စစ်ကောင်စီ လက်ပါးစေ ပျူတွေက ဦးခေါင်းတေ့ ပစ်သတ်၊

MFP ၊ အောက်တိုဘာ - ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ အနောက်ပိုင်းနေ ဒေသခံအမျိုးသားတစ်ဦးကို တစ်ရွာတည်းနေ စစ်ကောင်စီ လက်ပါးစေ ပျူအုပ်စုက အနိုင်ကျင့် ရန်ပြုကာ ဦးခေါင်းတေ့ ပစ်သတ်သွားတယ်လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

အောက်တိုဘာ(၃၀)ရက် ညနေ(၃)နာရီခွဲက မုံရွာမြို့နယ် တောပုကျေးရွာ မြောက်ပိုင်းက စစ်ကောင်စီ လက်ပါးစေ ပျူသုံးယောက်က တောပုရွာ အနောက်ပိုင်းနေ လယ်ကွင်းထဲမှာ ထွန်စက်မောင်းနေတဲ့ အမျိုးသားတစ်ဦးကို အနိုင်ကျင့်ရန်ပြုပြီး ဦးခေါင်းကို သေနတ်နဲ့တေ့ပြီး ပစ်ခတ်တာကြောင့် ခေါင်း ဘယ်ဘက်ကနေ ညာဘက်ကို ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။

ပျူတွေက အနိုင်ကျင့်ရန်ပြု သတ်ဖြတ်လို့ သေဆုံးသူဟာ အသက်(၂၇)နှစ်အရွယ် ဘိုရှိုင်း(ခ)ကျော်ဇင်ထွန်း ဆိုသူဖြစ်ပြီး ရွှေဘိုဇာတိဖြစ်ကာ တောပုကျေးရွာမှာ အိမ်ထောင်ကျပြီး တောပုကျေးရွာမှာပဲ လာရောက် နေထိုင်သူ ဖြစ်တယ်လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

မုံရွာ တောပုရွာက ပျူတွေဟာ စစ်အုပ်စုနှင့် ပေါင်းပြီး လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျု ကျူးလွန်နေပြီး ယခင်ကလည်း ပြည်သူတွေ အသတ်ခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ တောပူရွာ အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်အနှံ့က ကြံ့ဖွံ့ထောက်ခံသူတွေကို အကြမ်းဖက်နည်း သင်တန်းပေးပြီး ပျူတွေအဖြစ် လက်သပ်မွေးကာ စစ်အုပ်စုနှင့်အတူ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ခိုးယူတာတွေမှာ ပူးပေါင်းပါဝင်စေပြီး ခိုးရာပါ ပစ္စည်းတွေကို ခွဲဝေပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #တောပုရွာ #ပျူ #Monywa_AMyintRoadInformation 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ