MFP ၊ စက်တင်ဘာ - ၃
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ စာသင်ကျောင်းထဲ စီးနင်းအထိုင်ချနေပြီး ဒေသခံတွေနှင့် ခရီးသွားတွေကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စု မနေ့က ညနေပိုင်းမှာ တိုက်ခိုက်ခံရပြီး အသေအပျောက် ရှိနိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မနေ့က စက်တင်ဘာ(၂)ရက် ညနေ(၆)နာရီကျော်က ပြင်စည်ရွာ အထက်တန်းကျောင်းတဲ့ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
“ပြင်စည် အထက ဝင်းထဲက ခွေးတွေ အပစ်ခံရတာ။ အပြန်အလှန် ပစ်ခတ်တာထင်တယ်။ သေနတ်သံတွေတော့ တော်တော် ကြားရတယ်။ အဲ့တာ ဖြစ်ပြီးတော့ ခွေးတွေက တစ်ရွာလုံးကို လှည့်ပတ်ပြီး စိန်ခေါ်တယ်။ မဲမဲမြင်ရာ အကုန်လိုက်ပစ်တယ်။ ရွာသူရွာသားတွေ အိမ်ထဲက မထွက်ရဲကြဘူး။ မန္တလေး - မြင်းခြံလမ်းကိုလည်း ခွေးတွေက ပိတ်ထားပြီး ပစ်ခတ်တာတွေ၊ ဆဲဆို စိန်ခေါ်တာတွေ လုပ်နေတယ်” လို့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက MFP ကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီလောက်အကြာမှာ ပြန်ငြိမ်သွားကြောင်းနှင့် စစ်အုပ်စုရဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ပြင်စည်ရွာ စာသင်ကျောင်းထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒရုန်းနဲ့ ဗုံးထုခံရတာဖြစ်ကြောင်းနှင့် စကစတွေ အထိအခိုက် မရှိဘဲ ကျောင်းရှေ့ လမ်းပေါ်မှာ ရှိနေတဲ့ သုံးဘီး မောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။
နွားထိုးကြီးမြိုနယ် အထက(ပြင်စည်)ကျောင်းထဲ ရှိနေတဲ့ စစ်အုပ်စုကို PDFအဖွဲက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ ကျောင်းဝင်၊ထွက် မုခ်ဦးရှေ့ကို နှစ်လုံး၊ လမ်းတစ်ဘက်ခြမ်းမှာ နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လမ်းမပေါ် ဖြတ်သန်းမောင်းနှင်နေတဲ့ သုံးဘီးဆိုင်ကယ် ထိမှန်ခဲ့ကာ ညောင်ပင်ရွာက အသက်(၅၀)ကျော်အရွယ် သုံးဘီးယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာတွေ ရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာတော့ MFP အနေနဲ့ အသေးစိတ် မသိရသေးပါဘူး။
စစ်အုပ်စုဟာ ပြင်စည်ရွာ စာသင်ကျောင်းထဲ စီးနင်းအထိုင်ချပြီး ဒေသခံပြည်သူနှင့် လမ်းသွားလမ်းလာတွေကို အနိုင်ကျင့် ရန်ပြု သောင်းကျန်း ငွေညှစ်နေတာ လပေါင်းများစွာ ကြာပြီလို့ ဒေသခံတွေက ဆိုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #ပြင်စည်ရွာ