ပုလိပ် EPC ဝန်ထမ်းနှင့် စကစတွေရဲ့ ကားကို တိုက်ခိုက်မှု ပုလိပ် စခန်းမှူး သေ၊ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ ရန်ပြု သောင်းကျန်းနေဟုဆို၊

ပုလိပ် EPC ဝန်ထမ်းနှင့် စကစတွေရဲ့ ကားကို တိုက်ခိုက်မှု ပုလိပ် စခန်းမှူး သေ၊ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ ရန်ပြု သောင်းကျန်းနေဟုဆို၊

MFP ၊ အောက်တိုဘာ - ၃

မန္တလေးမြို့အနီး၊ စဉ့်ကိုင်မြို့နယ် ပုလိပ်မြို့မှာ ဒီနေ့လည်ပိုင်း လျှပ်စစ်မီတာခတွေ ဘဏ်သွားသွင်းမယ့် စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေ လိုက်ပါလာတဲ့ ကားကို မြို့ပြပြောက်ကျား မဟာမိတ် သုံးဖွဲ့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပုလိပ်စခန်းမှူး သေပြီး စကစ တစ်ယောက် ဒဏ်ရာရတယ်လို့ မြစ်ငယ် MN PDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၃)ရက် နေ့လည်(၂)နာရီကျော်က လျှပ်စစ်မီတာခ ဘဏ်သွင်းဖို့ ကျောက်ဆည် - စဉ့်ကိုင်လမ်းအတိုင်း မောင်းနှင်လာတဲ့ ပုလိပ်မြို့က စစ်ကောင်စီ သ္စစာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေ လိုက်ပါလာတဲ့ကားကို စဉ့်ကိုင် ပေါ်တော်မူဘုရားအနီးမှာ မဟာမိတ် သုံးဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ မြစ်ငယ် MN PDF က MFP ကို ပြောပါတယ်။

“စခအလောင်း ကားပေါ်က ဆွဲချနေတာ မျက်မြင် မြင်ခဲ့တာပါ၊ ကားက နေရာမှာတင် ထိုးရပ်သွားတယ် “ လို့ မြစ်ငယ် MN PDF ခေါင်းဆောင် ဗိုလ်ဖောင်းဒိုင်းက MFP ကို ပြောပါတယ်။

နောက်ဆက်တွဲ ထုတ်ပြန်ချက်အရ သေဆုံးသူဟာ ပုလိပ် စခန်းမှူး ဖြစ်တယ်လို့ မြစ်ငယ် MN PDF က ဖော်ပြပါတယ်။

“တော်လှန်ရေး မဟာမိတ်ညီနောင်အဖွဲ့များနှင့်အတူ ပူးပေါင်း၍ ယနေ့ နေ့လည် (2:50) အချိန် မန္တလေး - ကျောက်ဆည်လမ်း စဉ့်ကိုင်ပေါ်တော်မူဘုရားအနီးတွင် ပလိပ် EPCရုံးမှ Bank သို့ မီတာခသွားသွင်းသော လျှပ်စစ်ရုံးမန်နေဂျာနှင့် စကစ သုံးဦးအပါ ကားတစ်စီးကို လမ်းတွင်ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။ ကျွန်တော် တော်လှန်ရေး မဟာမိတ် ညီကိုများလည်း ပြည်သူလူထုမေတ္တာကြောင့် ဘေးအန္တရာယ်ကင်းစွာ လုံခြုံသောနေရာကို အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ MN PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့က ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အုပ်စုက တိုက်ခိုက်ခံရတဲ့ နေရာကို ရောက်လာပြီး အနီးဝန်းကျင်က ပြည်သူတွေကို ရန်ပြု သောင်းကျန်းနေကာ ပြည်သူ (၂၀)ကျော် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက လမ်းပိတ်ပြီး လာသမျှလူ ရန်ပြု သောင်းကျန်း စစ်ဆေးကာ လက်နက်ပြ မိုက်ကြေးခွဲ နေလို့ ပြည်သူတွေ သတိထား သွားလာကြဖို့ ဒေသခံအချင်းချင်း တိုက်တွန်းနေပါတယ်။

စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းတွေဟာ မန္တလေးတိုင်းအတွင်း ပြည်သူတွေဆီက လျှပ်စစ်မီတာခတွေကို လက်နက်ကိုင်တွေ ခြံရံပြီး အင်အားသုံးကာ ဓားပြတိုက်သလို အတင်းအကျပ် ကောက်ခံနေပြီး တဦးတလေ မီတာခ မဆောင်တာနဲ့ ရွာလုံးကျွတ်၊ တစ်ရပ်ကွက်လုံး မီးဖြတ်တာတွေ လုပ်နေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုကို ပေးလိုက်တဲ့ ငွေတွေဟာ ပြည်သူကို သတ်မယ့် ကျည်ဆံဖိုး ဖြစ်လာမှာမို့ စစ်အုပ်စုကို ငွေမပေးဖို့၊ စစ်အုပ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေကို မသုံးစွဲကြဖို့ နိုင်ငံတဝန်း သပိတ်မှောက် လှု့်ရှားမှုတွေ ပေါ်ပေါက်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပလိပ်EPC #လျှပ်စစ်မီတာခ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ