ဆိုင်ထိုင် စားသောက်နေချိန် ပစ်ခတ်ခံရပြီး ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦးနှင့် ဇော်လွင် ဆိုသူတို့ ပွဲချင်းပြီးသေ၊ ထွေအုပ်စာရေး ငြိမ်းချမ်းအောင်လည်း သေနိုင်ချေရှိ၊

ဆိုင်ထိုင် စားသောက်နေချိန် ပစ်ခတ်ခံရပြီး ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦးနှင့် ဇော်လွင် ဆိုသူတို့ ပွဲချင်းပြီးသေ၊ ထွေအုပ်စာရေး ငြိမ်းချမ်းအောင်လည်း သေနိုင်ချေရှိ၊

MFP ၊ အောက်တိုဘာ - ၁၇

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့မှာ ဒီနေ့လည်ပိုင်း စားသောက်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ သစ္စာခံ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦး နှင့် အဖွဲ့ ပစ်ခတ်ခံရပြီး ကျောာ်မိုးနှင့် သူရဲ့ အပေါင်းအပါ ဖိုးထောင်ပဲကြော်လုပ်ငန်းက ဇော်လွင် ဆိုသူတို့ ပွဲချင်းပြီး သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၇)ရက် ညနေ(၃)နာရီကျော်က ဝမ်းတွင်းမြို့အဝင်က စားသောက်ဆိုင် တစ်ဆိုင်မှာ စားသောက်နေတဲ့ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) ရဲဘော်တွေက ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်ပြီး ကျော်မိုးဦးနှင့် အပေါင်းအပါ ဇော်လွင် ဆိုသူတို့ နှစ်ယောက် ပွဲချင်းပြီး သေကာ ထွေအြပ်စာရေး ငြိမ်းချမ်းအောင်ကတော့ မသေသေးဘဲ ဆေးရုံရောက်သွားတယ်လို့ ဆိုပါတယ်။

ကျော်မိုးဦးဟာ စစ်အာဏာမသိမ်းခင်က ဒု-ရဲမှူးအဆင့်ထိ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျော်မိုးဦးဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူတွေကို နှိပ်စက်တာ၊ အကြမ်းဖက်တာ၊ ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က ပြောပါတယ်။

“ အုပ်ချုပ်ရေးမှူးကြီးနဲ့ နောက်လိုက် နှစ်ကောင် အပစ်ခံရတာ။ တစ်ကောင်သေပြီး တစ်ကောင် မိတ္ထီလာ ဆေးရုံ ပို့ရတယ်။ အားလုံး နှစ်ကောင်သေ၊ တစ်ကောင်ဒဏ်ရာရ “ လို့ WRTR တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

ကျော်မိုးဦးနှင့်အဖွဲ့ ထမင်းစားနေချိန် ဆိုင်ကယ်စီး လူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျော်မိုးဦးနှင့် ဖိုးထောင်ပဲကြော်လုပ်ငန်းက ဇော်လွင် ဆိုသူတို့ ပွဲချင်းပြီး သေပြီး ထွေအုပ်စာရေး ငြိမ်းချမ်းအောင်ကတော့ မသေသေးဘူးလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၉) ရက် ညပိုင်းကလည်း စစ်ကောင်စီ သစ္စာခံ ဝမ်းတွင်းမြို့ ရဲစခန်းမှူး ရဲအုပ် စောနိုင်ဦး (ခ) ဗိုလ်စောကို WTRF တပ်ဖွဲ့က ရှင်းလင်းခဲ့ပါသေးတယ်။ ဗိုလ်စောကလည်း စစ်အုပ်စုနဲ့ ပေါင်းကာ ပြည်သူကို သတ်ဖြတ်၊ ညှသ်းပန်၊ ဖမ်းဆီး ငွေညှစ်၊ ရန်ပြုတာတွေ ကျူးလွန်နေလို့ ရှင်းလင်းခဲ့တာလို့ WTRF က ထုတ်ပြန်ထားပါတယ်။

ဗိုလ်စော ရှင်းလင်းခံရပြီးတဲ့နောက် စစ်အုပ်စုက ဝမ်းတွင်းမြို့ပေါ် ထင်တိုင်းကျဲ သောင်းကျန်းရမ်းကားနေပြီး လမ်းသွားလမ်းလာတွေကို ပါးရိုက်တာ၊ ဖားခုန်ခုန်ခိုင်းတာ၊ ဖမ်းဆီးငွေညှစ်တာ၊ ဝမ်းင်္တင်းမြို့အပြင် ကားလမ်းဆုံမှာ ဆိုင်ကယ်စီး သွားလာနေသူ နှစ်ဦးကို ပစ်ခတ်ပြီး သေပြီအထင်နဲ့ လမ်းဘေးကန်ချထားခဲ့တာ၊ ဒေသခံပြည်သူ (၁၅) ဦး ထက်မနည်းကို ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဝမ်းတွင်းဒေသ သတင်းတွေ ဖော်ပြနေတဲ့ Voice Of Wundwin - VOW က ပြောပါတယ်။

"အခြေနေက ရှုပ်နေတာ။ အရင် ယာယီစခန်းမှူး အသတ်ခံရကတည်းက ဝမ်းတွင်းမြို့ကို Black Zone အဖြစ် သတ်မှတ်ပြီး ခွေးအင်အား (၂၀၀)ကျော်နဲ့ ပိုက်စိပ်တိုက် ဖိနေတာ။ နေရာတိုင်းမှာ တပ်စွဲတယ်။ စစ်ကြောင်းတွေလည်း ထိုးတာ နေရာတိုင်းလိုလိုပဲ" လို့ VOW က ဆိုပါတယ်။

ဝမ်းတွင်းနယ်ထဲ စစ်အုပ်စုက ဆက်လက် သောင်းကျန်း ရန်ပြုနေလို့ ဒေသခံပြည်သူတွေ သတိထားကြဖို့ VOW က တိုက်တွန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #မြို့နယ်အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ