မန္တလေးတိုင်းမှာ စစ်အုပ်စုက နှစ်ရက်အတွင်း NLD ပါတီဝင် (၁၁) ဦးကို ဖမ်းဆီး သတ်-ဖြတ်ပြီး အလောင်းတွေ လမ်းဘေး စွန့်ပစ်၊ သွေးသောက်အဖွဲ့က သတ်တာလို့ သတင်းဖြန့်၊

မန္တလေးတိုင်းမှာ စစ်အုပ်စုက နှစ်ရက်အတွင်း NLD ပါတီဝင် (၁၁) ဦးကို ဖမ်းဆီး သတ်-ဖြတ်ပြီး အလောင်းတွေ လမ်းဘေး စွန့်ပစ်၊ သွေးသောက်အဖွဲ့က သတ်တာလို့ သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၅

မန္တလေးတိုင်းမှာ စစ်အုပ်စုက နှစ်ရက်အတွင်း NLD ပါတီဝင် ဒေသခံ ပြည်သူ (၁၁)ဦးကို ဖမ်းဆီး ညှဉ်းပန်းကာ သတ်-ဖြတ်ခဲ့ပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၂)ရက် ညပိုင်းနှင့် အောက်တိုဘာ(၃)ရက်မှာ စစ်အုပ်စုက မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်က ဒေသခံ ငါးဦး၊ ညောင်ဦးမြို့နယ်က ဒေသခံ လေးဦး၊ တောင်သာမြို့နယ်က ဒေသခံတစ်ဦးနှင့် ကျောက်ဆည်မြို့နယ်က ဒေသခံ တစ်ဦး၊ စုစုပေါင်း (၁၁)ဦးကို စစ်အုပ်စုက နေအိမ်တွေထဲ စီးနင်းဝင်ရောက် ဖမ်းခေါ်သွားပြီးနောက် ညှဉ်းပန်း သတ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေး စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်-ဖြတ်ခံရသူတွေထဲ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး တစ်ဦးကို မုဒိန်းကျင့် သတ်-ဖြတ်ခဲ့ကာ အမျိုးသားတွေကိုလည်း လည်လှီး ခေါင်း-ဖြတ် သ-တ်ဖြတ်ခဲ့ကြောင်း၊ အလောင်းတွေကို လမ်းဘေးစွန့့်စ်ထားခဲ့ရာမှာ သွေးသောက်အဖွဲ့ ဆိုတဲ့ လည်ဆွဲကတ်တွေ ချိတ်ဆွဲထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်-ဖြတ်ခြင်း ခံခဲ့ရတဲ့ ပြည်သူတွေဟာ နွားထိုးကြီးမြို့နေ အသက် (၄၇) နှစ်အရွယ် ဦးသိန်းလွင်၊ အသက် (၅၅) နှစ်အရွယ် ဦးကျော်ဆန်း၊ အသက် (၅၆) နှစ်အရွယ် ဦးလှစိုး၊ နွားထိုးကြီးနယ် ထန်းဂွကျေးရွာနေ အသက် (၃၈) နှစ်အရွယ် ကိုဇင်မင်းနဲ့ အသက် (၄၂) နှစ်အရွယ် ကိုကျော်မင်း၊ တောင်သာမြို့ အမှတ်(၆) ရပ်ကွက်နေ ဦးထွန်းဇော်၊ ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာနေ ဦးဝင်းအောင်မိုး (၅၂နှစ်)၊ ဦးငြိမ်းချမ်းမင်း (၄၂နှစ်)နဲ့ မသော်မီမီဝင်း (၃၂နှစ်)၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာနေ ဦးကျော်ဝင်းနှင့် ကျောက်ဆည်မြို့နယ် တံတားဦးကုန်းရွာနေ အသက်(၅၀)အရွယ် ဒေါ်သိန်းဌေး တို့ ဖြစ်ပါတယ်။

အဲ့ဒီ သေဆုံးသူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်မယ်၊ PDF နဲ့ ဆက်နွှယ်တယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နေအိမ်ထဲထိ စီးနင်းဝင်ရောက် ဖမ်းဆီးကာ စစ်ကားတွေနဲ့ တင်ခေါ်သွားပြီးနောက် နာရီပိုင်းအတွင်း သတ်-ဖြတ်ကာ အလောင်းတွေကို လမ်းဘေးစွန့်ပစ်ထားတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ(၃)ရက် ညနေပိုင်းက တောင်သာမြို့ အမှတ်(၆)ရက်ကွက်နေ NLD ပါတီ မြို့နယ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းဇော်ကို စစ်အုပ်စုက ဖမ်းဆီးပြီး ညတွင်းချင်း ညှဉ်းပန်းနှိပ်စက် သတ်-ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ တောင်သာမြို့က စစ်ကောင်စီခန့် မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေ အဓိက ပါဝင်ခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

“တောင်သာမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော စီမံအုပ်ချုပ်ရေး ကောင်စီသည် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးပြီး သတ်ဖြတ်မှုများ ပြုလုပ်လာသည်။ အကြမ်းဖက် စစ်ကောင်စီ၏ ထိုသို့ ဥပဒေမဲ့ လုပ်ရပ်များအပေါ် လိုက်ပါ ကျူးလွန်ဆောင်ရွက်သော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ၎င်းဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအားလုံးမှာ တာဝန်ရှိသည်။ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်သည့်ကိစ္စ၌ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ပထမဆုံး တာဝန်ယူ ဖြေရှင်းရမည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ၎င်းဖြစ်စဉ်အတွက် တာဝန်ခံရမည်” လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။

နွားထိုးကြီး၊ ညောင်ဦး၊ တောင်သာနှင့် ကျောက်ဆည်နယ်က ဒေသခံ (၁၁)ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ် မှုနဲ့ ပတ်သက်ပြီး စစ်လော်ဘီတွေကတော့ သွေးသောက်အဖွဲ့က သတ်-ဖြတ်တာ ဖြစ်တယ်လို့ တညီတညွတ်တည်း သတင်း ဖြန့်ပါတယ်။

သွေးသောက်အဖွဲ့က မကျေနပ်လို့ သတ်-တာ ဖြစ်ပြီး ဆက်လက်ပြီးတော့လည်း သတ်-ဖြတ်ဦးမှာမို့ NLD ပါတီဝင်တွေ သတိထားကြဖို့ စစ်လော်ဘီတွေက ခြိမ်းခြောက်စာတွေ ဖြန့်ဝေထားပါတယ်။

သွေးသောက်အဖွဲ့ဟာ ယခုနှစ်ဆန်းပိုင်းကမှ စတင်ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပြီး အနီရောင်စစ်ဆင်ရေးလို့ အမည်ပေးကာ စစ်အာဏာသိမ်းမှု မထာက်ခံသူနဲ့ NLD ပါတီဝင်တွေကို ဦးတည်ကာ သတ်-ဖြတ်နေတာ ဖြစ်ပါတယ်။

သွေးသောက်အဖွဲ့တွေမှာ စစ်ကောင်စီ သစ္စာခံ နယ်ထိန်းတွေ၊ ကျေးရွာရပ်ကွက် အုပ်ကြီးတွေနှင့် ပျူတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပြီး အမြဲတန်း အဖွဲ့မဟုတ်ဘဲ စစ်အုပ်စုက သူတို့ သတ်-ဖြတ်လိုသူကို သတ်-ဖြတ် ပြီးချိန် အမည်ခံဖို့ အယောင်ပြ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ကြောင်း ပြီးခဲ့တဲ့ လပိုင်းအတွင်း စစ်အုပ်စုရဲ့ သတ်-ဖြတ်တာကို ခံခဲ့ရတဲ့ စဉ့်ကူးနယ်က ဒေသခံပြည်သူတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလကလည်း မန္တလေး၊ အမရပူရနှင့် ကျောက်ဆည်နယ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဒေသခံပြည်သူနှင့် NLD ပါတီဝင် (၁၅) ဦးခန့်ကို ဖမ်းဆီး သတ်-ဖြတ်ခဲ့ပြီး သွေးသောက်အဖွဲ့ လည်ဆွဲနဲ့ အလောင်းတွေကို လမ်းဘေးစွန့်ပစ်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာနယ်မှာ စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ အုပ်ကြီးနှင့် ပျူတချို့ သုတ်သင်ခံရပြီးနောက် စစ်အုပ်စုက အခုလို ဒေသခံတွေကို ဖမ်းဆီး သတ်-ဖြတ်ပြပြီး လူထုကြား ကြောက်စိတ်ဝင်ပြီး သူတို့ကို မလှန်ရဲအောင် လုပ်တာ ဖြစ်မယ်လို့ ညောင်ဦး ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ညောင်ဦး #တောင်သာ #နွားထိုးကြီး #NLD #ကျောက်ဆည် #သွေးသောက်အဖွဲ့ #စစ်အုပ်စု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ