မန္တလေး နန်းရှေ့ (၆၂)လမ်းပေါ်မှာ အသက်(၄၀)ကျော် အမျိုးသားတစ်ဦး ဓားထိုးလုယက် အသတ်ခံရ၊ ပြည်ကြီးတံခွန် မြို့သစ်မှာလည်း လမ်းပေါ်မှာ ဓားဒဏ်ရာတွေနဲ့ လဲကျနေတဲ့ အမျိုးသားတစ်ဦး တွေ့ရှိ၊

မန္တလေး နန်းရှေ့ (၆၂)လမ်းပေါ်မှာ အသက်(၄၀)ကျော် အမျိုးသားတစ်ဦး ဓားထိုးလုယက် အသတ်ခံရ၊ ပြည်ကြီးတံခွန် မြို့သစ်မှာလည်း လမ်းပေါ်မှာ ဓားဒဏ်ရာတွေနဲ့ လဲကျနေတဲ့ အမျိုးသားတစ်ဦး တွေ့ရှိ၊

MFP ၊ အောက်တိုဘာ - ၁၂

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့၊ (၆၂)လမ်း၊ (၁၆)လမ်းနှင့် (၁၇)လမ်းကြားမှာ ယမန်နေ့ညပိုင်းက ဆိုင်ကယ်စီး သွားလာနေတဲ့ အသက်(၄၀)ကျော် အမျိုးသားတစ်ဦး ဓားထိုးလုယက်ခံရကာ သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ(၁၀)ရက်၊ ည(၁၀)နာရီ (၁၅)မိနစ်က မန္တလေးမြို့၊ (၆၂)လမ်းပေ၊ (၁၆)လမ်းနှင့် (၁၇)လမ်းကြားမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်း တွေ့ရှိတာ ဖြစ်ပြီး သေဆုံးသူဟာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်၊ အကွက်(၁၀)မှာ နေထိုင်သူ အသက်(၄၈)နှစ်အရွယ် မောင်စံထွန်းဝင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်အသင်း က ဆိုပါတယ်။

"မန္တလေး၊ (၆၂)လမ်း၊ (၁၆)လမ်းနှင့် (၁၇)ကြားတွင် အမျိုးသားတစ်ဦးအား ဆိုင်ကယ်နှင့်ဖုန်း လု၍ ဘယ်နားထင် နောက်တွင် ထိုးသွင်းဒါဏ်ရာဖြင့် သွေးထွက်လွန် သေဆုံးလူနာအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ {PR.01}ဖြင့် ပို့ဆောင်ပေးခဲ့။ သေဆုံးသူမှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား၊ အကွက်(၁၀)တွင် နေထိုင်သူ မောင်စံထွန်းဝင်း (၄၈)နှစ်ဖြစ်ကြောင်း သိရ။ ပြည်သူအားလုံး ကျန်းမာ၍ အန္တရယ်ကင်းကြပါစေ " လို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံက ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ(၉)ရက် ညနေ(၅)နာရီခွဲကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၂၇)လမ်း၊ လမ်း(၆၀)နဲ့ (၆၁)လမ်းကြားမှာ အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦး ဦးခေါင်းနောက်စေ့မှာ ဓားခုတ်ခံထားရတဲ့ ဒဏ်ရာနဲ့ လမ်းပေါ် မှောက်လျှက် လဲကျနေတာကို တွေ့ရှိခဲ့လို့ ဆေးရုံပို့ပေးခဲ့တယ်လို့ ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်း က ဆိုပါတယ်။

အဲ့ဒီ ပြည်ကြီးတံခွန်မြို့သစ်ဘက် ဓားခုတ်ခံရတဲ့ လူနာဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး ဓားခုတ်ကာ လုယက်ခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘဲ ဖြစ်နေပါတယ်။ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ တချို့သော လုယက်၊ ဓားပြမှုတွေမှာ စစ်အုပ်စုနဲ့ လည်ပင်းဖက် ပေါင်းနေတဲ့ ပျူတွေ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရပြီး တချို့သော လုယက်မှုတွေ၊ အနုကြမ်းစီးမှုတွေမှာ စစ်ယူနီဖောင်းဝတ်ထားပြီး သေနတ်ကိုင်ထားသူတွေက ဧည့်စာရင်းစစ်မယ်၊ ကားကို စစ်ဆေးမယ်ဆိုကာ အိမ်ထဲဝင်ရောက်စစ်ဆေးတာ၊ ကားတွေကို ရပ်တန့်စစ်ဆေးတာမျိုးတွေ လုပ်ဆောင်ပြီးမှ တန်ဘိုးကြီး ပစ္စည်းတွေ မြင်တွေ့သွားပြီး အနုကြမ်းစီး လုယက်တာလို့ မြို့ခံတချို့က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေက လူသတ်၊ ဓားပြ၊ မုဒိန်း စတဲ့ ရာဇဝတ်မှု ကျူးလွန်လို့ ထောင်ကျခံနေရတဲ့ နှစ်ကြီး အကျဉ်းသားတွေ အပါအဝင် ရာဇဝတ်အကျဉ်းသားတွေ အားလုံးကို ထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။

မန္တလေး နန်းရှေ့ (၆၂)လမ်းပေါ်မှာ လုယက်အသတ်ခံရမှုနှင့် ပြည်ကြီးတံခွန်မြို့သစ် လုယက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေကို တွေ့ရစဉ်/Photo - နန်းရှေ့ လူမှုကူညီရေးအသင်း၊ ရွှေမဉ္ဇူ လူမှုကူညီရေးအသင်း

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နန်းရှေ့ #ပြည်ကြီးတံခွန်မြို့သစ် #လုယက်မှု #အမျိုးသား

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ