မြောင် နဘက်ရွာ တိုက်ပွဲမှာ MBTT တပ်ဖွဲ့ဝင် ရဲဘော် ထက်ကြီး ကျဆုံး၊ ဒေသခံ တစ်ဦးလည်း အသ-တ်ခံရ၊

မြောင် နဘက်ရွာ တိုက်ပွဲမှာ MBTT တပ်ဖွဲ့ဝင် ရဲဘော် ထက်ကြီး ကျဆုံး၊ ဒေသခံ တစ်ဦးလည်း အသ-တ်ခံရ၊

MFP ၊ စက်တင်ဘာ - ၂၃

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ကျေးရွာအနီးက ဒေသကာကွယ်ရေး တပ်ဖွဲ့ စခန်း စီးနင်းခံရတဲ့ ဖြစ်စဉ်မှာ အသက်(၂၅)နှစ်အရွယ် တိုက်ပွဲဝင် ရဲဘော် ထက်ကြီး ခေါ် ထက်ဝေအောင် ကျဆုံးခဲ့ရတယ်လို့ မြောင်နယ် Myaung Bo Tauk Tun (MBTT) Special Force တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၂)ရက် မနက်ပိုင်းက မြောင်မြို့နယ် နဘက်ရွာအနီးက ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းကို ဒလန်သတင်းပေးမှုက တဆင့် စစ်အုပ်စုက အင်အားအများအပြားနဲ့ နှစ်ဖက်ညှပ်ပိတ် စီးနင်းခဲ့ရာ မဟာမိတ် MBTT တပ်ဖွဲ့က ရဲဘော် ထက်ကြီး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“တော်လှန်ရေး ညီနောင်ရဲဘော်များ လွတ်မြောက်ရန်အတွက် တစ်ကိုယ်တည်း နောက်ချန်နေခဲ့သော အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ) ထက်ကြီး [အသက်၂၅နှစ်]သည် စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ခိုက်ရင်း ရှေ့တန်းတစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသည်။ ရဲဘော်ထက်ကြီးသည် စစ်အာဏာရှင်ကို တော်လှန်ရာ၌ တော်လှန်ရေး၏ အစောဆုံး အပိုင်းမှ စတင်ကာ တော်လှန်ပါဝင်ခဲ့သူ ဖြစ်ပြီး MBTT တပ်ဖွဲ့၏ များစွာ ယုံကြည်အားကိုးရသော တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ဖြစ်သည်။ ဤကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်ကျွန်စနစ်ဆိုးမှ ရုန်းထွက်နိုင်ရန် အသက်စွန့်ကာ တိုက်ပွဲဝင်သွားသော ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီးအား ကျွန်ုပ်တို့ Myaung Bo Tauk Tun (MBTT) Special Force မှ အလေးနီ ပြုအပ်ပါသည်” လို့ MBTT တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြောင်နယ်ထဲ စစ်အုပ်စု ဝင်မွှေသောင်းကျန်းချိန် နဘက်ရွာ အပါအဝင် ဖွားစော၊ ဆွဲလဲအိုနှင့် ကင်းကျေးရွာက ထောင်သောင်းချိတဲ့ ပြည်သူတွေ ထွက်ပြေးခဲ့ပေမယ့် ဒေသခံ တစ်ဦးကတော့ စစ်အုပ်စု ရန်က လွတ်အောင် မပြေးနိုင်ခဲ့ဘဲ အသ-တ်ခံလိုက်ရတယ်လို့ မြောင်ဒေသခံတွေက ဆိုပါတယ်။

နဘက်ရွာမှာ စစ်အုပ်စုက သ-တ်-ဖြတ်သွားတဲ့ ဒေသခံ ပြည်သူနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး။

သတင်းပေးနှင့်အတူ မြောင်မြိုနယ်၊ နဘက်ကျေးရွာအနီးက PDF စခန်းကို အလစ်အငိုက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ အလောင်း နှစ်လောင်း၊ လက်လုပ်သေနတ် နှစ်လက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ်ဗုံး နှစ်လုံး၊ လက်လုပ်မိုင်း ရှစ်လုံး၊ ဒီတိုနေတာ (၇၅)ခု၊ ဆိုင်ကယ် နှစ်စီး၊၊ ယမ်းတွေ၊ ကော်ပိုက်တွေနှင့်အတူ တဲငါးလုံး သိမ်းဆည်း ရရှိခဲ့တယ်လို့ သတင်းဖြန့်ပါတယ်။

မြောင်နယ် တဘက်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ MBTT တပ်ဖွဲ့ဝင် ရဲဘော် ထက်ကြီး/Photo – MBTT

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #MBTT #နဘက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ