ယင်းမာပင် ရင်ပေါင်တိုင်ရွာကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစင်းနဲ့ ပစ်ခတ်စီးနင်းပြီး ဒေသခံတွေကို ဖမ်းဆီးထား၊ PDF အလောင်း ခုနှစ်လောင်းနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိလို့ စစ်အုပ်စုက သတင်းဖြန့်၊

ယင်းမာပင် ရင်ပေါင်တိုင်ရွာကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစင်းနဲ့ ပစ်ခတ်စီးနင်းပြီး ဒေသခံတွေကို ဖမ်းဆီးထား၊ PDF အလောင်း ခုနှစ်လောင်းနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိလို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP ၊ သြဂုတ် - ၁၂

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို စစ်အုပ်စုက မနေ့ ညနေပိုင်းမှာ ရဟတ်ယာဉ် ငါးစင်းနဲ့ ပစ်ခတ် စီးနင်းခဲ့ပြီး လက်ရှိအချိန် ကျေးရွာထဲ စီးနင်းသောင်းကျန်းနေကာ အနီးအနားက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ်(၁၁)ရက် မနေ့ ညနေပိုင်းမှာ စစ်အုပ်စုက ရဟတ်ယာဉ်ငါးစင်းနဲ့ နှစ်နာရီနီးပါးကြား နှစ်ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး စကစတွေ ချထားပေးကာ ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေတာလို့ ဆိုပါတယ်။

“ဖမ်းခံထားရတာက ၃၊ ၄၀ လောက် ရှိတယ်။ အသက်ကြီးပိုင်းတချို့ကို ပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေကိုတော့ ရိုက်နှက်ပြီး စစ်ဆေးနေတယ်တဲ့။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အသေအဆုံးကတော့ မသိရသေးဘူး” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

လက်ရှိမှာ ရင်ပေါင်တိုင်ရွာထဲ စီးနင်းသောင်းကျန်းနေတဲ့ စစ်အုပ်စုက အနီးအနားက ရွာတွေကိုလည်း (၁၀)မိနစ်ခြား တစ်ကြိမ်နှုန်းလောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ရင်ပေါင်တိုင်ရွာကို လေကြောင်းအသုံးပြုကာ ပစ်ခတ်စီးနင်းခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုက ထုတ်ပြန်ရာမှာတော့ အနည်းဆုံး လူခုနှစ်ဦးကို သတ်ဖြတ်ခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က ဆိုပါတယ်။

မနေ့က နေ့လယ်(၃)နာရီမှာ ယင်းမာပင်မြိုနယ် ရင်ပေါင်နိုင်ကျေးရွာအနီး KIA/PDF တွေ ရှိနေတယ်လို့ သတင်းရတာကြောင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အလောင်း ခုနှစ်လောင်း၊ အမ်-၂၂ သေနတ် ငါးလက်၊ KIA ထုတ် (၄၀-မမ) ဗုံပစ်လောင်ချာ(ဆုံလည်) နှစ်လက်၊ KIA ထုတ် (၆၀-မမ) ကွန်မန်ဒိုစိန်ပြောင်း ရှစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ အမ်-၂၂ ကျည် (၂၉၄၀)တောင့်၊ (၄၀-မမ) ဗုံးသီး (၃၂)လုံး၊ (၆၀-မမ) ဗုံးသီး လေးလုံး၊ တရုတ်လက်ပစ်ဗုံး တစ်လုံး၊ အီနာဂါ တစ်လုံး သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာအတွင်း ဖြစ်ပွားနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အုပ်စုဘက်က ထုတ်ပြန်တဲ့ ယင်းမာပင် ရင်ပေါင်တိုင်ရွာအနီး PDF တွေနဲ့ တိုက်ပွဲမှာ သိမ်းဆည်းရမိတယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ရင်ပေါင်တိုင် #ပြည်သူ #ရဟတ်ယာဉ် #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ