MFP ၊ ဩဂုတ် - ၁၇
စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ကူး ရတနာပုံတံတားပေါ်မှာ ဒီမနက် (၈) နာရီခွဲဝန်းကျင်က ခရီးသွားတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုနှင့် ခရီးသည်တင်ကားပေါ်ပါ PDF တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး PDF နှစ်ဦး ဆုံးကာ စကစဘက်ကလည်း နှစ်ယောက် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်ကိုင်းမြို့ ရတနာပုံတံတားအဆင်း ဂိတ်မှာ စစ်အုပ်စုက ခရီးသွားတွေကို ဖမ်းဆီးငွေညှစ်နေချိန် အာကာသ မှန်လုံယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ PDF နှစ်ယောက်က ပစ္စတိုသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးပြီး PDF နှစ်ဦး ကားပေါ်မှာပဲ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ခရီးသည်တင်ကားကို ဝိုင်းညှပ်ပိတ်ဆို့ ပစ်ခတ်တဲ့အတွက် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက်(၉)နှစ်အရွယ် မိန်းကလေး အပါအဝင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့၊ စုစုပေါင်း ငါးဦး သေနတ်မှန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဉ်မှာ PDF အဖွဲ့ဝင်တွေ သယ်ဆောင်လာတဲ့ ပစ္စတို သုံးလက်၊ M22 ကျည် (၈၅) တောင့်၊ ပွို့င် ၃၈ ကျည် (၁၃၀) တောင့်၊ 9MM ကျည် (၃၂၀) တောင့်၊ ၁၂ ဗို့ကျည် (၃၀၁) တောင့်၊ ကျည်အိမ် ခြောက်ခု၊ Panzer shop Gun အမျိုးအစား သေနတ် သုံးလက်၊ KNLA တံဆိပ်ယူနီဖောင်း လေးစုံ၊ ပွိုင့် ၂၂ တစ်ဗူးလျှင် (၅၀) ပါ ၂၅ ဗူး (၁,၂၅၀) တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေဟာ ဘယ်အဖွဲ့အစည်းကလည်းဆိုတာတော့ မသိရသေးပါဘူး။
စစ်အုပ်စုဟာ အဲဒီပစ်ခတ်မှုအပြီးမှာ စစ်ကိုင်းမြိုကပေါ် ဝင်မွှေသောင်းကျန်းနေပြီး ဒီမနက်ပိုင်း စစ်ကိုင်းမြို့ တကောင်းရပ်ကွက်ထဲ စီးနင်းမွှေနှောင် နေတယ်လို့ ဒေသခံတွေ့ ပြောပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရတနာပုံတံတား #ပစ်ခတ်မှု #PDF #ခရီးသည်