အရာတော်နယ် ကန်ရင်း - မလဲသာ တိုက်ပွဲမှာ PGC - မြင်းမူ တပ်ဖွဲ့ ခေါင်းဆောင် အပါအဝင် ရှစ်ဦး ကျဆုံး၊

အရာတော်နယ် ကန်ရင်း - မလဲသာ တိုက်ပွဲမှာ PGC - မြင်းမူ တပ်ဖွဲ့ ခေါင်းဆောင် အပါအဝင် ရှစ်ဦး ကျဆုံး၊

MFP ၊ သြဂုတ် - ၉

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကန်ရင်း - မလဲသာရွာအနီး သြဂုတ်(၄)ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ People's Guerillas Commando – Myinmu - မြင်းမူ PGC တပ်ဖွဲ့ ခေါင်းဆောင် အပါအဝင် ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

သြဂုတ်(၁)ရက်က စတင်ကာ ရဟတ်ယာဉ်တွေ သုံးပြီး အင်အား (၁၀၀)ကျော်နဲ့ အရာတော်နှင့် မြင်းမူနယ်စပ်က ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ သြဂုတ်(၄)ရက်မှာ အရာတော်နယ် ကန်ရင်းရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းချိန် မြင်းမူ PGC ရဲဘော်တွေက ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ပြည်သူ့ရဲဘော် ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။

“အာဏာရူး စစ်ခွေးတစ်သိုက်မှ အာဏာသိမ်းပြီး အချိန်မှစ၍ နွေဦးတော်လှန်ရေးတွင် ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြသော ရဲဘော်များဖြစ်သည့် ခေါင်းဆောင် ဗိုလ်ထိုက်ကြီး (ခ) ကိုသိန်းထိုက်၊ ရဲဘော် A19 (ခ) ကိုသူရိန် ၊ ရဲဘော် ကိုဖြိုး ၊ ရဲဘော် မိုဟိန်း (ခ) မျိုးမင်းဟိန်း ၊ ရဲဘော် မိုးဒီ (ခ) ကျောက်စိမ်း ၊ ရဲဘော် အောင်ဖြိုးမင်း ၊ ရဲဘော် ဖြိုးဝေကျော် ၊ ရဲဘော် ငယ်လေး (ခ) နိုင်ဇင်ဖြိုး တို့သည် သြဂုတ်(၄)ရက်တွင် အာဏာရူး ခွေးကြီး မအလ၏ ကျွန်များဖြစ်သော ခွေးဝဲစားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည် ။ ကျဆုံးသွားသော People's Guerillas Commando - Myinmu အဖွဲ့၏ နွေဦးတော်လှန်ရေး သူရဲကောင်းများအား ကြေကွဲဝမ်းနည်းစွာဖြင့် အလေးနီပြုအပ်ပါသည်” လို့ မြင်းမူ PGC ရဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ မိုးညို တော်လှန်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

PGC - မြင်းမူတပ်ဖွဲ့ ခေါင်းဆောင် အပါအဝင် ရဲဘော် ရှစ်ဦး ကျဆုံးခဲ့ရတဲ့ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် မဖော်ပြပေမယ့် စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်ပြီး လက်နက်အင်အား၊ လူအင်အား အသာစီးနဲ့ စီးနင်းဝင်ရောက် တိုက်ခိုက်တာ ဖြစ်ကြောင်းနှင့် စကစတွေကို ရဟတ်ယာဉ်နဲ့ ချထားပေးခဲ့တာ ဖြစ်သလို တိုက်ပွဲဖြစ်တဲ့ သြဂုတ်(၄)ရက် ညနေပိုင်းမှာလည်း စစ်အုပ်စုက ရဟတ်ယာဉ် အသုံးပြုပြီး စစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။

“ရဲဘော်တို့ ကျဆုံးခြင်းသည် အချည်းနှီး မဖြစ်စေရ။ ရဲဘော်တို့ စွန့်လွှတ် စွန့်စား အနစ်နာခံခဲ့သမျှ အတွက် ကျန်ရစ်သူ မဟာမိတ် Moe Nyo Revolution Force(M N R F) အဖွဲ့သားများမှ လေးစားဂုဏ်ယူစွာဖြင့် ရဲဘော်တို့ ပေးအပ်ခဲ့သည့် တာဝန်များ အားလုံး နှင့် ရဲဘော်တို့ လိုချင်သည့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်နိုင်သည်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း ဆက်လက် တိုက်ပွဲဝင်သွားပါမည် ဟု ကတိသစ္စာပြုပါသည် ။ ရဲဘော်တို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ကိုပေးလှူရင်း ကျဆုံးခဲ့ရသော်လည်း ရဲဘော်တို့သည် သမိုင်းတွင် ကျန်ရစ်မည့် နွေးဦးတော်လှန်ရေး သူရဲကောင်းများ အဖြစ် လေးစားဂုဏ်ယူမိပါသည် ။ ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်ဟု ကျန်ရစ်သူမဟာမိတ် Moe Nyo Revolution force. MNRF အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်” လို့ Moe Nyo Revolution Force. M N R F က ဖော်ပြပါတယ်။

ကန်ရင်းနှင့် မလဲသာရွာတွေဟာ အရာတော်နယ် တောင်ပိုင်း၊ မြင်းမူနှင့် ထိစပ်နေတဲ့ ရွာတွေ ဖြစ်ပြီး စစ်အုပ်စုဟာ သြဂုတ်(၁)ရက်ကနေ (၄)ရက်အထိ အရာတော်နှင့် မြင်းမူနယ်က ရွာတွေဖြစ်တဲ့ လက်ပံကျင်း၊ ကန်ရင်း၊ မလဲသာ၊ မင်းရွာ စတဲ့ ရွာတွေကို ရဟတ်ယာဉ်တွေ အသုံးပြုကာ စီးနင်းဝငမွှေ လုယက် ဓားပြတိုက်ခဲ့ပြီး ဒေသခံ ပြည်သူတချို့ကို သ-တ်-ဖြတ်ခဲ့သလို အဲ့ဒီရွာတွေက နေအိမ်အလုံး (၄၀၀)ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အရာတော်နယ် ကန်ရင်း - မလဲသာရွာမှာ သြဂုတ်(၄)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF ရှစ်ယောက် သေဆုံးကာ (M-16) သေနတ် နှစ်လက်၊ (M-22)သေနတ် နှစ်လက်၊ ပစ္စတို နှစ်လက်နှင့် ကား နှစ်စီး သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

မြေပြင်ကနေ ကား၊ ဆိုင်ကယ်နဲ့ ခြေလျှင် လာရောက်ပြီး စစ်ကြောင်း မထိုးရဲတော့တဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ဒရုန်းနဲ့ ကင်းထောက်ပြီး ရဟတ်ယာဉ် အသုံးပြုကာ ရုတ်တရက် စီးငန်းတိုက်ခိုက်တာကြောင့် စစ်ကိုင်းတိုင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အထိနာပြီး အကျအဆုံးများနေရတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

အရာတော်နယ် မလဲသာ - ကန်ရင်းရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PGC - မြင်းမူ တပ်ဖွဲ့က ပြည်သူ့ရဲဘော် ရှစ်ဦး/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #PGC #မြင်းမု #တိုက်ပွဲ #ကန်ရင်း #မလဲသာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ